သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေ ဒီကနေ့မနက်ပိုင်းကဝင်ရောက်လာပြီး သေနတ်ပစ်ခတ်တာနဲ့ ရွာခံတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့မနက် ၇ နာရီကျော်လောက်မှာ ထားဝယ်ဘက်ကနေ မြေတင်ကား ၁စီး၊ ကားငယ် ၃ စီးအပြင် သရက်ချောင်းဘက်ကနေ ကားငယ် ၂ စီးခန့်နဲ့ စစ်ကောင်စီတပ်သားတွေ ညောင်ဇင်ရွာထဲကို ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက် ရွာလယ် လမ်းမကြီးနဘေးက နေအိမ်အများအပြားကို ဝင်ဝိုင်းပြီး မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံနဲ့လမ်းသွားလမ်းလာ အမျိုးသား၊ အမျိုးသမီး အများအပြားကိုလည်း ရွာလယ်က လက်ဖက်ရည်ဆိုင်ရှေ့မှာ ဒူးထောက်ခိုင်းထားပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲက ဒေသခံ ၄ ဦးခန့်ကိုလည်း မျက်နှာတွေပိတ်ပြီးလက်ပြန်ကြိုးတုပ်ကာ ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်ခုခုကိုပစ်မှတ်ထားပြီးလာလုပ်သလိုမျိုးပဲဗျ။ သေနတ်တွေပစ်နေတာလည်း အများကြီးပဲ။ လက်နက်ကြီးအသံလည်း တစ်ချက်ကြားသေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာခံတချို့ကိုသေနတ်နဲ့ပစ်ခတ်ထားတာမျိုးရှိတယ်လို့ ဒေသခံအချို့က ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေ ရွာထဲကဘုန်းကြီးကျောင်းမှာဆက်ရှိနေကြပြီး ရွာခံဆယ်ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။
“အဖွားကြီးတွေ ကလေးတွေကအစအားလုံးကိုဖမ်းထားတယ်။ အိမ်လုံးကျွတ်ဖမ်းထားတာတွေလည်းရှိတယ်။ သေနတ်သံတွေလည်းကြားနေတုန်းပဲ” လို့နောက်ထပ်ဒေသခံတစ်ဦးက အခုမွန်းလွဲ ၂ နာရီခွဲလောက်မှာပြောပါတယ်။
လက်ပြန်ကြိုးတပ်ပြီး ကားနဲ့ဖမ်းဆီးသွားတဲ့ ၄ ဦးခန့်ကိုတော့ ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ အတိအကျမသိရသေးပါဘူး။
ညောင်ဇင်ရွာဟာ ထားဝယ်-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ကျေးရွာကြီးတစ်ခုဖြစ်ပြီး ထားဝယ်မြို့နဲ့ ၈ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။