လောင်းလုံးမြို့နယ်၊ သောကြာပြင်ရွာကနေ စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ သုံးရက်က ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦးကို ဒီကနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၈ရက်နေ့က ထားဝယ်ကနေ လောင်းလုံးဘက်ကိုလာတဲ့ သုံဘီးဆိုင်ကယ်တစ်စီးကို ကမြောကင်းတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေက တားဆီးစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပြီးနောက် အဆိုပါ သုံးဘီးဆိုင်ကယ်နဲ့အတူ စစ်ကောင်စီတပ်သားတွေကကားနှစ်စီးနဲ့ လိုက်ပါလာပြီး သောကြာပြင်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
“သုံးဘီးပေါ်မှာ တင်လာတဲ့ထဲမှာ မသင်္ကာစရာပစ္စည်းတွေပါတယ်ဆိုပြီး လိုက်ပြခိုင်းတာလို့ကြားတယ်။ သူတို့က အိမ်စီးကားနှစ်စီးနဲ့ အတူတူလိုက်လာတာ။ သုံးဘီးပေါ်မှာတော့ အဝတ်အစားတွေပါလာတယ်လို့ပဲ ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ သောကြာပြင်ကျေးရွာမှာ နေထိုင်နေတဲ့ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးနိုင်နိုင်ဆိုသူနဲ့ မမီးလေးဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကို လောင်းလုံးမြို့နယ်မှာ ဖမ်းဆီးခံရတာဖြစ်ပေမဲ့ ဖမ်းဆီးပြီးနောက် ထားဝယ်မြို့ကို တိုက်ရိုက်ခေါ်ဆောင်သွားတယ်လို့သိရပြီး လက်ရှိအချိန်ထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။
ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ဟာ ထားဝယ်မြို့အဝင်အထွက်ကို နေ့တိုင်းအစစ်အဆေးတင်းကြပ်နေတဲ့နေရာဖြစ်ပြီး တံတားမှာစစ်ဆေးဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ဖူးပါတယ်။