စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာနှင့် ဘန့်ဘွေးမြောက်ရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က နဘူးတောရွာကို ဝင်ရောက် စီးနင်းပြီး ကိုနိုင်ဦး (ခ) အဲဘို အပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်သွားပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် ပြည်သူများကိုပါ စစ်တပ်က လိုက်လံပစ်ခတ်သောကြောင့် ဒေသပြည်သူ ၁၀ ထက်မနည်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် နဘူးတောရွာရှိ ဘုန်းကြီးကျောင်းနှင့် စစ်ရှောင် ပြည်သူများထံက ငွေကျပ်သိန်း ၂၀၀ ကျော်ကို ခိုးယူသွားကြောင်း သိရသည်။
ယနေ့ နံနက် ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘန့်ဘွေး မြောက်ရွာ မယ်ဇောတောတိုက်မှ အသက် ၆ နှစ် အရွယ် မချယ်ရီနှင့် အသက် ၁၆ နှစ်အရွယ် မငွေဌေးတို့ကို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့ကြောင်း သိရသည်။
” နဘူးတောက ၃ ဦးနဲ့ ဘန့်ဘေးမြောက်ရွာက ၂ ဦးကို စစ်ခွေးတွေ ပစ်သတ်သွားတယ်။ ကလေးလေးက ၆ နှစ်ပဲ ရှိသေးတာကို စစ်ခွေးတွေက ဘယ်လိုစိတ်မျိုးနဲ့ ပစ်သတ်သွားလဲ မသိဘူး။ ဘာတိုက်ပွဲမှ မရှိဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် အတွင်းရှိ ကျေးများကို ရောက်ရှိနေပြီး သေနတ်များ ပစ်ဖောက် လျက်ရှိကြောင်း သိရသည်။