မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကျပ်ပြင် ရဲစခန်း အပါအဝင် နေရာ ၄ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ် ဘက်မှာ ၁၁ ဦးသေဆုံးကြောင်း မိုးမိတ်ခရိုင် K-PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၀ ရက် နံနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ ခန့်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်း၊ အေးစေတီ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း နှင့်ရွှေမြင်၀င်းဘုန်းတော်ကြီး ကျောင်း၀င်းများ အတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်သားနှင့် ရဲများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးနှင့် ရဲ ၃ ဦး သေဆုံးပြီး ၇ ဦးထက်မနည်းဒဏ်ရာရရှိကာ မိုးကုတ် ကျပ်ပြင် ရဲစခန်းမှ ရဲ ၄ ဦးစခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
“တပြိုင်တည်းဝင်တိုက်ခိုက်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုတော့ ဖြစ်ခဲ့တယ်၊ ကျနော်တို့ဘက်ကတော့ ဘာထိခိုက်မှုမှ မရှိခဲ့ပါဘူး” ဟု မိုးမိတ်ခရိုင် K-PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော်(K.I.A.)အမှတ် ၃၄ တပ်ရင်းနှင့်မိုးမိတ်ခရိုင်K-PDF တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၀င်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးမှုအပေါ် မိသားစုနှင့်ထပ်တူ အထူး ကြေကွဲ၀မ်းနည်းရပါ ကြောင်း မိုးမိတ်ခရိုင် K-PDF တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ဘာသာရေး၊ ပညာရေးနှင့် အများပြည်သူနှင့်သက်ဆိုင် သော နေရာများကို အကာအကွယ်ယူကာ ပြည်သူများအပေါ် အကြမ်းဖက်မှုများ စဉ်ဆက်မပျက် ကျုး လွန်လျက်ရှိကြောင်း၊ မိဘပြည်သူများ အနေဖြင့်လည်း ထိုသို့ တပ်စွဲနေထိုင် ခြေကုပ်ယူမှုများအပေါ် အလိမ္မာ နည်းသုံး၍ ငြင်းပယ်ကြစေလိုကြောင်း၊ မလွှဲမရှောင်သာ တိုက်ခိုက်ခဲ့ရပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးရလဒ်ပေါ် တာဝန်ယူနိုင်မည်မဟုတ်ကြောင်း K-PDF က ထုတ်ပြန်ထားသည်။