စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် မိုင်းရှာနေသော စစ်သားများကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မိုင်းရှင်းလင်းရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အလ္လကပ္ပကျေးရွာနှင့် မြင်းမူမြို့ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် မုံရွာဘက်မှ ကြေးနီတင်ဆောင်လာသည့် ကား ၇ စီးနှင့် သံပြားကာ ကားဟ၁ စီးပါ ယာဥ်တန်းသည် စစ်ကိုင်းဘက်သို့ ထွက်ခွာလာစဥ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင်ပဒေသာမိုင်းဖြင့် သံပြားကာကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ညနေ ၄ နာရီ ၄၉ မိနစ် တွင် မုံရွာ နမခ မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသည့် ကား ၁၈ စီးပါ စစ်တပ်ယာဥ်တန်းကို အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို PAFD တပ်ခွဲ DK PDF (MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ မြင်းမူမြို့ တိုက်နယ် အနောက်ခြမ်း ပ က ဖ၊ D.B.B.F MMU အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် မုံရွာ နမခ မှ စစ်ကိုင်းဘက်သို့ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) နှင့် ညီနောင်မဟာမိတ်များ ပူးပေါင်းပြီး ပဒေသာ-Mine ၇ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ ကား ၂ စီး ထိမှန်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ၊ People’s Knight Defense Force Myinmu-PKDF MMU၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ်(၄)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက ပြောဆိုသည်။