ပုလောမြို့နယ်မြို့နယ်က နေရာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ််တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁)ရဲ့တပ်ရင်းမှူးကပြောပါတယ်။
မြို့ပေါ်နေရာတချို့ကလွဲလို့ နေရာတော်တော်များများကို PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်ကို ချောက်ထဲတွန်းချဖို့ပဲကျန်ပြီလို့ တပ်ရင်းမှူး ဦးကျော်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“သူတို့နေရာက ပုလောမြို့ပေါ်၊ ပလမြို့ပေါ်နဲ့ ပလောက်မြို့ပေါ်အဲဒီသုံးနေရာပဲကျန်တယ်။ အဲဒီနေရာတွေကိုလည်း ကျနော်တို့က ဝင်ချင်တိုင်းဝင်လို့ရနေတယ်။ ကျန်တဲ့နေရာအများစုကတော့ စိုးမိုးထားနိုင်ပြီ” လို့ ဦးကျော်ကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ထားဝယ်-မြိတ် မိန်းလမ်းမကြီးရဲ့အရှေ့ဘက်ခြမ်းကိုအဓိကထိန်းချုပ်ထားနိုင်သလို လက်ရှိမှာ ပင်လယ်ရွာတွေဘက်ကိုလည်းဖြန့်ကျက်ထားနိုင်ပြီလို့ သူကပြောပါတယ်။
လက်နက်ခဲယမ်းနဲ့ပတ်သက်လို့ကတော့ NUG ချပေးတဲ့လက်နက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကကူညီတာတွေနဲ့ အိမ်ရောင်း၊ မြေရောင်းပြီး ကိုယ်ဘာကိုယ်ဝယ်ယူထားတဲ့လက်နက်တွေဝယ်ယူအသုံးပြုနေပေမယ့် လိုအပ်ချက်တွေကတော့ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတွေအနေနဲ့ အချင်းချင်း ပြဿနာဖြစ်တာ၊ ပဋိပက္ခဖြစ်တာမျိုးမရှိဘဲ မြေပြင်မှာ စည်းစည်းလုံးလုံးနဲ့လုပ်ဆောင်နေကြတယ်လို့ပြောပါတယ်။
လက်ရှိမှာတော့ ပုလောမြို့နယ်အတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတွေ လတ်တလော ငြိမ်သက်နေပေမယ့် စစ်ကောင်စီဘက်ကပြင်ဆင်မှုတွေထပ်တိုးလုပ်ဆောင်နေတယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံဆရာစံကတော့ “သူတို့ဘက်က ၃မိုင်လောက်အထိပစ်နိုင်တဲ့လက်နက်တွေအထိပြင်ဆင်ထားတယ်လို့သိထားရတယ်။ အဓိကကတော့ ပြင်ဆင်မှုတွေလုပ်နေတာပေါ့။ ပိုကြီးတဲ့ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်” လို့ပြောပါတယ်။
အခုလက်ရှိမှာလည်း ပလမြို့နဲ့ ပုလောကုန်းရွာတွေဘက်မှာ စစ်ကောင်စီဘက်က စစ်ရေးပြန်လှုပ်ရှားနေတာရှိတယ်လို့သိရပါတယ်။
ပုလောမြို့နယ်ဟာ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး အခုနှစ် ဖေဖော်ဝါီလ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။