စစ်ကောင်စီတပ်စွဲထားသည့် ရန်ကုန်တိုင်းလွှတ်တော်ဝန်းကို ၄၀ မမ ဗုံးသီးဖြင့်ယနေ့နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးပြုလုပ်ခဲ့သောအဖွဲ့များမှတာဝန်ရှိသူ နှစ်ဦးကပြောသည်။
“ရန်ကုန်လွှတ်တော်ဝန်းက လက်ရှိကာလမှာ စစ်တပ်က အခိုင်အမာတပ်စွဲထားတဲ့နေရာ ဖြစ်တယ်။ စစ်တပ်က ရန်ကုန်ကိုစောင့်ကြည့်နေတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ ဒီအဆောက်အဦးက တော်လှန်ရေး အင်အားစုတွေကို ပြဿနာပေးနေတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီနေရာကို တိုက်ခိုက်ခဲ့တာပါ။” ဟုစမ်းချောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှး⁷ က ပြောသည်။
ယနေ့(မေ ၁၂)နံနက် ၄ နာရီခွဲခန့်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တိုင်းလွှတ်တော်အဆောက်အအုံဝန်းအ တွင်းရှိ စစ်ကောင်စီရန်ကုန်တိုင်းရုံးကို ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စမ်းချောင်း ပ.က.ဖ တို့ပူးပေါင်းပြီး ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးသီးသုံးလုံးဖြင့်တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း ယင်းနေရာအနီးရှိ Club မှ ပြန်သည့်လူများရှိသောကြောင့် ဗုံးသီးတစ်လုံးသာပစ်ခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။
“ရေပေါ်ဆီလူတန်းစားပဲဖြစ်ပါစေ ကျွန်တော်တို့က ပြည်သူကို မျက်နှာမူတယ်။ ပြည်သူကို ငဲ့တယ်ပေါ့နော်။ ဒါကြောင့် သုံးလုံးစီစဥ်ထားပေမယ့် တစ်လုံးပဲပစ်လိုက်နိုင်တယ်။ တစ်ကယ်လို့ ကျွန်တော်တို့ဘက်ကသာ ရည်ရွယ်ထားတဲ့အတိုင်း ဆက်ပြီးပစ်လိုက်ရင် ရန်သူ့ဘက်က ပြန်ပစ်တဲ့အခါ ပြည်သူထိမှာစိုးတဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်”ဟု စမ်းချောင်း ပ.က.ဖ နှင့်နီးစပ်သည့် မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ရဲဘော်ပီတာကြီးကလည်း”ဒီနေရာကိုလုပ်ဖို့ အချိန်တွေရော ငွေတွေရော လူတွေရော အများကြီးရင်းထားရတာ။ တကယ်မစ်ရှင်ကတဲ့ သူတွေကတော့ စိတ်ကောင်းမှာ မဟုတ်ဘူး။အဲဒါကို ပြည်သူတွေကိုသိစေချင်တယ်။ဒါကြောင့် စစ်တပ်ရဲ့ အနီးနားပတ်ဝန်းကျင်တွေကို ရှောင်ကျဉ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေး အဖွဲ့အစည်းတွေက တော်လှန်ရေးအလုပ်လုပ်ပေမယ့် ပြည်သူတွေကို ငဲ့စရာရှိတာငဲ့မှာပဲ။ စစ်တပ်ကပြည်သူတွေကို ဘယ်တော့မှငဲ့မှာမဟုတ်ဘူး။ သူတို့က ဘယ်သူပဲဖြစ်ဖြစ် ပစ်မှာ ” ဟုပြောသည်။
ယင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ အထိအခိုက်အတိအကျ ကို မသိရသေးဘဲ စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းကဆက်ပြောသည်။
သို့သော် နောက်နောင်တွင် အထက်ပါကဲ့သို့ ကလပ်များမှပြန်လာသော ရေပေါ်ဆီလူတန်းစားများအား ငဲ့ညှာနေမည်မဟုတ်ဘဲ စစ်ရေးတိုက်ခိုက်မှု ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စမ်းချောင်း ပ.က.ဖ တို့က အသိပေးထားသည်။