တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် ပြည်ပရောက် မြန်မာ တော်လှန်လူငယ် အဖွဲ့အစည်းများ ဦးဆောင်ကာ စစ်ဘေး ရှောင်ပြည်သူများ ရန်ပုံငွေ ရရှိရေး မြန်မာ့အရေး ဓာတ်ပုံပြပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို Myingyan Generation-Z Group၊ Photographer’s Supporting – Korea၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်အဖွဲ့ – AFTနှင့် ဆန်အလှူ ဆေးအကူ ခရီး စသည့် အဖွဲ့အစည်းများက ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ မေလ ၁၄ ရက်နေ့တွင် အင်ချွန်းမြို့ ဘူဖြောင်းဘူတာ အဝိုင်းတွင် ဓာတ်ပုံပြပွဲ ကျင်းပ ပြုလုပ်နေပြီး ဒယ်ဂူးမြို့၊ ဘူဆန်မြို့၊ ဆူ၀မ်မြို့နှင့် တခြားမြို့များတွင် လာမည့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း ၁ လကြာ လှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိပကတိ အချိန်ကာလကို တောင်ကိုရီးယားနိုင်ငံ အစိုးရနှင့် ပြည်သူ ပြည်သားများ သိရှိစေလိုခြင်းနှင့် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကျည်ကွယ်ရာ အရပ်မှာရောက်နေပြီး မိမိနိုင်ငံ မြန်မာ့အရေးကို သွေးမအေးသွားကြပဲ ဆက်လက်အားစိုက်၍ ပါဝင်စေလိုခြင်း တို့ကို ရည်ရွယ်၍ ယခုအစီစဉ်လေးကို ကျင်းပလိုက်ရခြင်းဖြစ်ကြောင်း၊ ပိုမိုများပြားလာသော မြန်မာစစ်ဘေးရှောင် ပြည်သူများကိုထိရောက်စွာပံ့ပိုးကူညီပေးနိုင်ရန်အတွက်လည်း
ရန်ပုံငွေ အလှူခံခြင်း အစီစဉ်ကိုလည်း ပြင်ဆင်ထားတာဖြစ်လို့ ပါဝင်လှူဒါန်းပေးကြဖို့ လေးစားစွာတိုက်တွန်းအပ်ကြောင်း ပြသဦးဆောင်ပြုလုပ်သည့် လူငယ် တစ်ဦးက ပြောဆိုသည်။