တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တစ်လုံးပေါ် မြေပြိုကျမှုဖြစ်ပြီး အဆိုပါ နေအိမ်လူနှစ်ဦး သေဆုံးခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် ယနေ့(မေလ ၁၄ရက်) နံနက် ၃နာရီခန့်က အိမ်တစ်လုံးပေါ်သို့ မြေပြိုကျခဲ့ခြင်းဖြစ်ပြီး အိမ်အတွင်းအိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးသွားသည်ဟု တာချီလိတ်လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
” မိုးက မနေ့ညကနေ ဒီနေ့ မနက်အထိ တောက်လျှောက်ရွာတာ။ မြေပြိုတာ သုံးလေးနေရာပဲ။ သေဆုံးတာကတော့ နှစ်ယောက်လို့ ကြားတယ်”ဟု ဆန်ဆိုင်းရပ်ကွက်တွင် နေသူတစ်ဦးကပြောသည်။
တာချီလိတ်မြို့တွင် ယမန်နေ့ (မေလ ၁၃ရက်) တကုန်နေ မိုးရွာသွန်းခဲ့ပြီး ယနေ့(မေလ ၁၄ရက်)မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ မြေပြိုမှုဘေးကြောင့် အသက်(၂၃)နှစ်အရွယ် မောင်နေအောင်နှင့် အသက် (၂၂)နှစ်အရွယ် မဇလပ်ဖြူတို့ သေဆုံးသွားသည်ဟု သိရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးသည်းထန်စွာရွာနိုင်သည်ဟု မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု ဘေးများကို သတိပြုရန် သတိပေးထားသည်။