ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်ကို ဒီနေ့မနက်ပိုင်းနဲ့မွန်းတည့်ပိုင်းမှာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကိုပါအသုံးပြုပြီးစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီလေတပ်ရဲ့ စစ်ရဟတ်ယာဥ်တစ်စီးဟာ မြေပြင်ကနေ ပေ ၂၀၀ ခန့်အမြင့်ကနေ စက်သေနတ်တွေ အသင့်ချိန်ရွယ်ပြီး လှည့်လည်ပျံသန်းနေတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
နဘုလယ်ဒေသခံတစ်ဦးကလည်း “ကင်းထောက်လေယာဥ်လည်းဝဲနေတာကြားရတယ်။ အခုတော့အသံမကြားတော့ပါဘူး။ အတိအကျတော့မပြောနိုင်ဘူးဖြစ်နေတယ်။ ကျွန်မတို့လည်းရှောင်နေရတယ်” လို့အခုညနေ ၄ နာရီခွဲခန့်မှာပြောပါတယ်။
မနေ့က မနက်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရသလို စစ်ကူဝင်လာတဲ့ ယာဥ်တန်းတွေလည်း အထူးစီးပွားရေးဇုံအဝင်လမ်း ကမ်းတံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မနေ့ကတိုက်ခိုက်မှုအတွင်းမှာတော့ ဂိတ်စခန်းကိုသိမ်းယူနိုင်တာမျိုးမရှိဘဲ လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားသေဆုံးမှုများပြားနိုင်သလို မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီကားတွေထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာလည်း နဘုလယ်ဒေသအတွင်းကရွာတွေကို မြေပြင်မှာအင်အားရာနဲ့ချီစစ်ကြောင်းထိုးနေပြီး ဒေသခံတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားတာလည်းရှိတယ်လို့သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ပရဒတ်ရွာသားတချို့ကတော့ ဒီနေ့ညနေပိုင်းမှာပြန်လွှတ်ပေးလိုက်တယ်လို့ကြားရကြောင်း ဒေသခံကဆိုပါတယ်။
တခြားဖမ်းဆီးခံထားရသူအရေအတွက်အသေးစိတ်ကိုတော့မသိရသေးပါဘူး။
တနင်္သာရီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ကတော့ အခုလေယာဥ်တွေသွားလာနေတဲ့ဒေသနဲ့ ထားဝယ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကြိုတင်ပြင်ဆင်ပြီး စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ အသိပေးထားပါတယ်။