စစ်ကောင်စီက မိုခါ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ သွားရောက် ကူညီဖို့ ် ပုဂ္ဂလိက ဆေးရုံ ဝန်ထမ်းတွေကို စေတနာ့ ဝန်ထမ်းများ အဖြစ် ခေါ်ယူနေပြီး လုံခြုံရေးကိုတော့ တာဝန်မယူနိုင်ဘူးဆိုပြီး အကြောင်းကြားလာတယ်လို့ ပုဂ္ဂလိက ဆေးရုံ အသိုင်းအဝိုင်းက သိရပါတယ်။
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေး အနေနဲ့ သွားရောက်ဖို့ ရန်ကုန်တိုင်း အတွင်းက ပုဂ္ဂလိကဆေးရုံ ဝန်ထမ်းတွေကို စေတနာ့ ဝန်ထမ်းများ အဖြစ် ခေါ်ယူတာ ဖြစ်တယ်လို့ ဆေးရုံ အသိုင်းအဝိုင်းက ဆိုပါတယ်။
“အခုထိတော့ ဆေးရုံတစ်ရုံကို ဘယ်လောက်ဆိုပြီး တောင်းတာမျိုးတော့ မရှိသေးဘူး။ သွားမယ့်ရက်လည်း သူတို့ဘက်က မသတ်မှတ်ရသေးဘူးတဲ့။ လိုက်မယ့် သူတွေက CDM ဝင်ဖူးသူ မဖြစ်ရဘူး။ တစ်ဖွဲ့ကို ၆ ယောက်ကနေ ၇ ယောက်တဲ့။ စားသောက် နေထိုင်ရေး တာဝန်ယူပေးမယ်။ ချင်းပြည်သွားမယ့် အဖွဲ့ကိုတော့ စစ်တပ်ရော ရဲရော လုံခြုံရေး မယူပေးဘူးတဲ့” လို့ ပုဂ္ဂလိကဆေးရုံနဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိ ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတွေက ဆရာဝန်၊ သူနာပြု၊ ဓာတ်မှန်၊ ဆေးဝါးကျွမ်းကျင် ရာထူးတွေကို အဓိက ခေါ်ယူနေပြီး လုံခြုံရေး တာဝန်မယူတာကြောင့် စေတနာ့ ဝန်ထမ်း အဖြစ် လိုက်ပါမယ့်သူ မရှိသေးဘူးလို့ သိရပါတယ်။
“ကိုဗစ်တုန်းကလည်း အဲ့လိုခေါ်တယ်။ အဲ့တုန်းကတော့ သွားကြတယ်လေ။ အခုကျ ပြန်လည် ထူထောင်ရေး ဆိုပြီး သူတို့ကလည်း လာခေါ်သေးတယ်၊ လုံခြုံရေးတောင် မပေးတော့ ဘယ်သူက သွားမှာလဲ။ ဘယ်ဆေးရုံမှ သွားဖို့ စာရင်း မပေးနိုင်ကြသေးဘူး” လို့ သူကထပ်ပြောပါတယ်။
မုန်တိုင်းသင့် ဒေသများသို့ စစ်ကောင်စီရဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နဲ့ အတူ လိုက်ပါမယ့် ကျန်းမာရေး ဝန်ထမ်း စာရင်းကို မေလ ၁၃ ရက်နေ့၊ ညနေ ၃ နာရီအပြီး ပေးကြဖို့ ညွှန်ကြားစာမှာ ပါဝင်ပေမယ့် လိုက်ပါလိုသူ မရှိတာကြောင့် အခုထိ ဘယ်ဆေးရုံမှ စာရင်းမပေးနိုင်သေးဘူးလို့ သိရပါတယ်။
မုန်တိုင်းသင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အဖွဲ့ ဖွဲ့ပြီး ပူးပေါင်း လုပ်ဆောင်မယ်လို့ ဒီမနက် ပြုလုပ်တဲ့ သဘာဝဘေး အရေးပေါ် အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန် ဝန်ကြီးချုပ်နဲ့ ရန်ကုန် စစ်တိုင်းမှူးတို့က တင်ပြခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။