ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လမ်းများကိုဖျက်ဆီးနေခြင်းကြောင့် ပြည်သူလူထုများ၏ ခရီးသွားလာရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခက်အခဲများကြုံနေရတယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ မေလ(၁၆)ရက်တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ(၁၄)ရက် နံနက်(၉)နာရီအချိန်၌ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး မြို့ချင်းဆက် ကားလမ်းမကြီးအား စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် တူးဖောက် ဖျက်ဆီးသွားခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကျိုက်ဒုံကားလမ်းနှင့် ကမိုင်ကုန်းကျေးရွာအဝင်လမ်းများကိုလည်း အလားတူဖျက်ဆီးကာ သစ်ပင်ကြီးများဖြင့် ခုတ်လဲပိတ်ဆို့သွားခဲ့သည်။
ယင်းကဲ့သို့ဖျက်ဆီးမှုများကြောင့် ဒေသခံများ၏ ခရီးသွားလာရေး၊ စားဝတ်နေရေးဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရသည့်အပြင် အရေးပေါ်ကျန်းမာရေးကိစ္စအတွက် ဆေးရုံဆေးခန်းသို့ သွားလာရန် အခက်အခဲများဖြစ်ရကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင်က ထုတ်ပြန်ပြောကြားသည်။
“အဓိက ထိခိုက်တာက ပြည်သူပေါ့၊ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲတာပေါ့” ဟု တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်။
ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နောင်တလာကျေးရွာအတွင်း၌ ဒေသခံပြည်သူ နေအိမ်နှစ်လုံးနှင့် စိုက်ပျိုးသီးနှံပင်များတချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ လာရောက်ဗုံးကြဲပစ်ခတ်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူ့အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိနေသည်ဟု ကေအဲန်ယူ-ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။