ကော့သောင်းမြို့မှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ရဲ့ ရဲအုပ်ရာထူးနေရာမှာ လူအပြောင်းအလဲလုပ်ပြီးနောက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
ယခုလက်ရှိပြောင်းလာတဲ့ရဲအုပ်ဟာ ရဲအုပ်ဇော်လင်းမောင် ဆိုသူဖြစ်ပြီး အသက်၄၀ ကျော်အရွယ်ရှိတဲ့သူဖြစ်တယ်လို့သိရပါတယ်။ မေလပထမအပတ်ကတည်းက ယာဥ်ထိန်းရဲ ရဲအုပ်နေရာကို ပုံမှန်အပြောင်းအရွေ့အနေနဲ့ အပြောင်းအလဲ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့၄ ရက်လောက်ကစပြီး ကော့သောင်းမြို့တွင်းမှာ မော်တော်ယာဥ်တွေကိုဖမ်းဆီးတဲ့အခါ အကြောင်းအမျိုးမျိုးပြဖမ်းဆီးတာတွေလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။
“ကျွန်တော်ကဦးထုပ်ဘည်းဆောင်းထားတယ်။ မှန်လည်းပါတယ်။ မဖမ်းလောက်ဘူးထင်လို့ဖြတ်သွားတော့ခေါပြီး မောင်းလိုင်စင်နဲ့ယာဥ်လိုင်စင်စစ်တယ်။ မောင်းလိုင်စင်သက်တမ်းကုန်တော့ ချလံပေးပြီး ရုံးတက်ခိုင်းတယ်”လို့ဖမ်းဆီးခံခဲ့ရသူတစ်ဦးကပြောပါတယ်။
အရင် ယာဥ်ထိန်းရဲအုပ်လက်ထက်ဆိုရင် ဆိုင်ကယ်းစီးဦးထုပ်ဆောင်းမဆောင်းကိုပဲ အဓိကထားဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အခါမှာလည်း အဲဒီနေရာမှာပဲ ငွေကျပ် ၃၀၀၀၀ ပေးရင် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“အရင်ကဆို ဦးထုပ်ဆောင်းထားရင်မစစ်ဘူး။ အခုက တစ်ခုမရတစ်ခုစစ်တယ်။ ကော့သောင်းအနေအထားနဲ့ဆိုပင်ပန်းတာပေါ့”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာ လိုင်စင်မဲ့ဆိုင်ကယ်အစီးရေ ၁၀၀၀၀ နီးပါးရှိတယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလက ယာဥ်ထိုင်းရဲတပ်ဖွဲ့ကပြုလုပ်ပေးခဲ့တဲ့ယာယီလိုင်စင်ရဲ့ စာရင်းဇယားအရသိရပါတယ်။
ဒါ့အပြင် အခုတလော ဖမ်းဆီးတဲ့အချိန်ဟာ ရုံးချိန်ပြင်ပ ညနေ၅နာရီကျော်တဲ့အထိကို လူစည်ကားတဲ့နေရာတွေမှာဖမ်းဆီးနေတာဖြစ်တဲ့အတွက် မြို့ခံတွေအနေနဲ့သတိမထားမိတာကြောင့်ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။
ကော့သောင်းမြို့ရဲ့လူစည်ကားရာအရပ်တွေဖြစ်တဲ့ နာရီစင်လမ်းဆုံ၊ ဘုရင့်နောင်ကုန်း၊ မြေမီးပွိုင့်၊ မြို့လယ်အဝိုင်းပတ်၊ ၂မိုင်ရဲစခန်းရှေ့၊ ယင်းဝါရေလှောင်တမံအရှေ့နဲ့ အေးရိပ်ငြိမ်ရပ်ကွက်တော်ဝင်လမ်းဆုံကမီးပွိုင့်တွေဟာ ယာဥ်ထိန်းရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးမှုအများဆုံးပြုလုပ်တဲ့နေရာတွေဖြစ်ပါတယ်။