မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက်မှာ မေ(၁၂)ရက် မုန်တိုင်း မတိုက်ခတ်မီ ကတည်းက ရွာစဉ်ပတ်မွှေ အကြမ်းဖက် လုယက်နေတဲ့ စစ်အုပ်စုဟာ မုန်တိုင်းကာလ ပျူစခန်းမှာ အနားယူပြီးနောက် မေ(၁၅)ရက် မနေ့က စတင်ပြီး စဉ့်ကူးနယ်ထဲ ထပ်မံ စီးနင်းလုယက် သောင်းကျန်းလာလို့ ကျေးရွာခုနှစ်ရွာက ပြည်သူတွေ စစ်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မနေ့က မေ(၁၅)ရက် ညနေပိုင်း စဉ့်ကူးနယ် ရေတော်ရွာ ပျူခေါင်းဆောင်အိမ်မှာ အထိုင်ချနေတဲ့ စစ်အုပ်စုက စစ်ပြေးပြည်သူတွေ ခိုလှုံနေတဲ့ ထီးကုန်းရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ အသက်ကြီးပိုင်း အမျိုးသားနှစ်ဦး သေဆုံးတယ်လို့ စဉ့်ကူးနယ် ကင်းထောက်မြေပြင် သတင်းအဖွဲ့က ဗိုလ်ကင်းက ပြောပါတယ်။
“မနေ့က ညနေ(၅)နာရီလောက် ထီးကုန်းဘုန်းကြီးကျောင်းထဲ လက်နက်ကြီး နစ်လုံးကျရောက် ပေါက်ကွဲလို့ အဲ့ဒီ ကျောင်းမှာ ခိုလှုံနေတဲ့ စ်ဘေးရှောင် အမျိုးသားနှစ်ဦး သေဆုံးပါတယ်။ အသက်အရွယ် အတိအကျတော့ မသိရသေးပါဘူး။ သက်ကြီးပိုင်းတွေပါ။ လက်ရှိ ခွေးကြောင်းက ရေတော်ရွာနဲ့ ခွေးကျွန်းဘက်မှာ ရှိနေပါတယ်” လို့ ကင်းထောက်မြေပြင် သတင်းအဖွဲ့က ဗိုလ်ကင်းက MFP ကို ပြောပါတယ်။
စစ်အုပ်စု ရွာစဉ်ပတ်မွှေ အကြမ်းဖက် လုယက်နေလို့ စဉ့်ကူးနယ် ကျေးရွာ ခုနှစ်ရွာက ပြည်သူတွေ ထွက်ပြေးနေရပြီး ထုံးကြီးရွာ၊ ရေချမ်းရွာ၊ ရေတော်ရွာနဲ့ ဆည်သည်ရွာတွေ ရွာလုံးကျွတ်နီးပါး စစ်ပြေးနေရကာ ထီးကုန်းရွာ၊ သာယာဝတီရွာနဲ့ မြစိမ်းရွာက ဒေသခံပြည်သူတွေလည်း စစ်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ(၁၄)ရက်ကလည်း ထုံးကြီးရွာ ပျူခေါင်းဆောင်အိမ် ရောက်နေတဲ့ စစ်အုပ်စုက မြစ်အနောက်ဖက်ကမ်းကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ စဉ့်ကူးနယ် သာယာဝတီကျေးရွာက ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ထိခိုက်ဒဏ်ရာရတယ်လို့ ကင်းထောက်မြေပြင် သတင်းက ဖော်ပြပါတယ်။
မေ(၁၂)ရက်ကတည်းက စဉ့်ကူးနယ်ထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက်လုယက်နေတဲ့ စစ်အုပ်စုနဲ့ပျူ အင်အား (၁၀၀)လောက်ဟာ လက်ရှိမှာ ရေတော်ရွာနဲ့ ရေတော်ရွာအနောက်ဖက်က ကျွန်းထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ စဉ့်ကုးနဲ့ သပိတ်ကျင်းနယ်ထဲ မြစ်ရိုးတလျှောက် ရွာစဉ်ပတ်မွှေ လုယက်တာ၊ ပုရစ်ကောက်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ကျွဲ၊နွားသယ်တဲ့ ဖောင်တွေကို ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။