ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံများဖြင့် အပြန် အလှန် ပစ်ခတ်သံများကြားရပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်အနီးတွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်သံများ ဆက် တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲသံကြား ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်၊ လက်ခတ်တောင်ပတ်ဝန်းကျင်ဘက်ကို တိုက်လေယာဉ်တွေ အနည်းဆုံး ၂ စင်းလောက်တော့ရှိမယ်။ ဗုံးကျဲတာ။ တိုက်ပွဲဖြစ်တာက မနက်အစောပိုင်းမှာဖြစ်ကြတာ။ တိုက်ပွဲဖြစ်ပြီးမှ ဗုံးကျဲတာ။ မနက်အစောပိုင်းတော့ အတော်ကို အသံတွေက ကျယ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြ၀တီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကို မကြာခဏဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။