တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒီကနေ့ မနက် ၉ နာရီအချိန်လောက်က ဘန်းလမွတ်ရွာဘက်ကနေ ရမ်းဖိုရွာဘက်ကိုသွားတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ၄၃၃ တောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“၁၀ ယောက်လောက်ထိခိုက်မှုရှိတယ်ကြားတယ်။ အတိအကျမသိရသေးဘူး။” လို့ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီး နောက်ဆက်တွဲအခြေအနေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ အပြန်အလှန်ပစ်ခတ်မှုမဖြစ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် ၈ နာရီအချိန်ခန့်ကလည်း သကျက်ရွာဘက်ကနေ သိန္ဓောရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဘန်းပြည့်ရွာ အနောက်ဘက် အင်းချောင်း(ဒေသအခေါ်) မှာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုရဲ့ ဖြစ်စဥ်အသေးစိတ်နဲ့ ဘယ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အဲဒီပစ်ခတ်မှုတွေမဖြစ်ခင် ဘန်းလမွတ်ကျေးရွာအုပ်စုဘက်မှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်လို့မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ကဆို ဖုန်းတောင်ဆက်လို့မရဘူး။ အခုနေ့လယ်မှ ဖုန်းလိုင်းကော၊ အင်တာနက်လိုင်းကော နည်းနည်း ပြန်ရလာတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတဲ့ လယ်သစ်ကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနဲ့ ဘန်းလမွတ်ကျေးရွာအုပ်စုတွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို အမြန်နှုန်းလျှော့ချခံရလေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိရအောင် မြိတ်-တနင်္သာရီလမ်းမကြီးကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်အသိပေးထားပါတယ်။