ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရပ်ကွက်အများစုတွင် အရေးပေါ် သောက်ရေသန့် လိုအပ်နေပြီး အဝီစိတွင်းမှရေအား ကျိုချက်ခြင်းမရှိပဲ သောက်သုံးနေရကြောင်းနှင့် အကူအညီများ ယနေ့ထိ မရောက်လာသေးကြောင်း မင်းဂံရပ်ကွက် ၉ မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရေမသောက်ရဘူး ခြံထဲကရေကို ကျိုသောက်နေရတယ်။ ရပ်ကွက်တော်တော်များများမှာ ရေသန့်ကားတွေ မလာဘူး။ စစ်ကောင်စီရုံးရှေ့တော့ ရေပေးတာတွေ့တယ်။ အလှမ်းဝေးတဲ့ ရပ်ကွက်က လာယူလို့အဆင်မပြေဘူး။ အဲတော့ လက်ရှိ ရေကိုကျိုချက်ပြီး သောက်နေရတယ်၊ ခြံထဲမှာ အဝီစိတွင်းရေရှိတယ်။ အဲကသောက်ကြရတာ။”ဟု ဆိုသည်။
စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်ေပါင်း ၁၇ ထိနှင့် အုန်းတပင်ရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ စက်ရုံရပ်ကွက်တို့တွင် အဓိက သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်နေပြီး ယနေ့ချိန်ထိ လိုအပ်နေသည့် အကူအညီများ မရောက်လာေသးကြောင်း ၎င်းအမျိုးသမီးကဆက်ပြောသည်။
“ကျွန်မအခု မြို့ထဲပတ်လို့တွေ့ရသလောက်ဆို မင်းဂံရပ်ကွက် ၁၇ ထိပါတယ်။ ရေမသောက်ရတာ အကူအညီတွေလည်း မလာသေးဘူး။ ကျွန်မတို့ ၁၃ ရက်နေ့က မုန်တိုင်းရှောင်တယ်၊ ၁၅ ရက်နေ့ ပြန်လာတယ်။ ပြန်လာတော့လည်း အိမ်မတွေ့ဘူး အမရယ်။ တမြို့လုံးနီးပါး ပျက်စီးနေပြီး အိမ်မှာကျန်ခဲ့တာ ဆန်တွေလည်း အကုန်ရေစိုပြီး ချက်စားမရတော့ဘူး။ အခုတောင် သူများဆီက ဆန်ချေးပြီးစားနေရတာ ဆန်တစ်အိတ်ကို ဈေး တစ်သိန်းခွဲလို့ ကြားသိရတယ်။ အဲနဲ့ မဝယ်နိုင်တော့ဘူး မိသားစုလိုက် မုန်တိုင်းရှောင်တာက ပိုက်ဆံ ၁၀ သိန်းလောက် ကုန်သွားတယ်လေ။”ဟု ဆိုသည်။
တချို့ရပ်ကွက်များတွင် အဝီစိရေအား ကျိုချက်ခြင်းမရှိပဲ သောက်ခြင်းကြောင့် ဝမ်းရောဂါများဖြစ်နေကြောင်းနှင့် သောက်ရေသန့် ဝယ်သောက်ရန်ပင် မရှိကြောင်း သိရသည်။
“ရေကဝယ်သောက်လို့ကိုမရတာ တော်တော်များက ရေကို မကျိုချက်ဘဲ ဒီအတိုင်းသောက်လိုက် ကြတယ်။ ဗဟုသုတနည်းတဲ့သူတွေဆိုတော့ ရေသောက်တာနဲ့ အဲ့ရေပဲသောက်လိုက်ကြတာ၊ ပြီးတော့ အွန်လိုင်းလည်းမရဘူးဆိုတော့ ရေကိုကျိုချက်သောက်သုံးဖို့ သတိပေးတာတွေကိုလည်း မတွေ့ရဘူး။ မင်းဂံရပ်ကွက်က ကလေးတချို့ မနက်က ဝမ်းလျှောတာဖြစ်တယ်လို့ သိရတယ်။ အဲ ကလေးအမေပြောတာ သူ့သမီး ဝမ်းသွားတယ်လို့။”ဟု ပြောသည်။
စစ်တွေမြို့တွင် စစ်ကောင်စီရုံးအနီးတွင်သာ အင်တာနက်လိုင်းများ ရသေးကြောင်းနှင့် စစ်ကောင်စီမှ ရခိုင်ဒေသ မုန်တိုင်းထိခိုက်သူများအား ကျပ်သိန်း ၇ သောင်း ထောက်ပံ့မည်ဟု ထုတ်ပြန်ထားပြီး NUG အစိုးရအနေဖြင့်လည်း ဒေါ်လာ ၁ သန်း ကူညီသွားမည်ဟု ထုတ်ပြန်ထားသည်။