ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စစ်တွေမြို့ရှိ သူနာပြုသင်တန်းကျောင်းကို မုန်တိုင်းတိုက်ခတ်အပြီး ၂ ရက်ကြာသည်အထိ ကူညီရှင်းလင်းရေးလုပ်ဆောင်ပေးမည့်သူမရှိကြောင်း သိရသည်။
မိုခါမုန်းတိုင်းအရှိကြောင့် စစ်တွေတစ်မြို့လုံးနီးပါးထိခိုက်ပျက်စီးခဲ့ပြီး သူနာပြုသင်တန်းကျောင်းမှာလည်း ကျောင်းဝန်းတစ်ခုလုံးနီးပါးထိခိုက်ပျက်စီးခဲ့ရပြီး ယခုအချိန်အထိပြင်ဆင်မှုများ မရှိသေးသည့်အတွက် ကျောင်းရှိအဆောင် နေထိုင်သူအများစုမှာ နေရပ်ပြန်ကြကြောင်းလည်း သိရသည်။
“စစ်တွေတစ်မြို့လုံးနီးပါးပျက်စီးခဲ့တာ။ မီးတိုင်တွေရော၊ အိမ်တွေရောအကုန်ပါတယ်။ ကျောင်းမှာတော့ ဘာကယ်ဆယ်ရေးမှမရသေးဘူး။ တခြားနေရာတွေမှာတော့ နည်းနည်းစီ ကူညီပေးနေကြတယ်။ ကျောင်းကသူတွေကတော့ အကုန်နီးပါအိမ်ပြန်ကြမယ်လို့ သိရတယ်” ဟု စစ်တွေသူနာပြုသင်တန်းကျောင်းမှ ကျောင်းသူတစ်ဦး ကဧရာဝတီတိုင်းမ်ကို ပြောသည်။