ပလမြို့မှာ စစ်ကောင်စီတပ်က အင်အားထပ်တိုးထားပြီး ကင်းထောက်ဒရုန်းတွေ အရင်ထပ်ပိုသုံးပြီး စောင့်ကြည့်လာတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေအင်အားစုတွေဆီက သိရပါတယ်။
“အရင်ကဆို ညဘက်ဒရုန်းတစ်စီး၊ နှစ်စီးနဲ့ပဲ။ အခုက လေးစီးသုံးလာတယ်။ ဒါကကျနော်သိသလောက်ပဲ။ တခြားနေရာမှာလည်းထပ်ရှိအုံးမယ်” လို့ ဒေသတွင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ပလမြို့ရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ အခုလ ဒုတိယပတ်ထဲမှာ စခန်းနဲ့ဝေးရာကို ကင်းလှည့်ထွက်တာမျိုးမလုပ်တော့ဘဲ ဒရုန်းကို အဓိက အသုံးပြုပြီး ကင်းလှည့်လာကြတာပါ။
ပလရဲစခန်းကနေ ည ၇ နာရီလောက်မှာ ကင်းထောက်ဒရုန်းတွေစတက်ပြီး ည ၁၀ နာရီလောက်ဆို ပြန်ရုတ်သိမ်းလေ့ရှိတယ်လို့လည်း ဒေသတွင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ထင်တဲ့ တိုရွာ၊ ပိတပ်ရွာ၊ မြဒေါင်ရွာ၊ ကျောင်းနိမ့်ရွာတွေကို ဒရုန်းနဲ့ပုံမှန်ကင်းထောက်လေ့ရှိတယ်လို့လည်း သိရပါတယ်။
အခုလို ဒရုန်းပိုအသုံးများလာတာနဲ့အမျှ ပလမြို့ရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ မနက် ၇ နာရီလောက်အထိသာ စခန်းနဲ့အနီးတစ်ဝိုက်ကိုကင်းလှည့်ပြီး စခန်းနဲ့ ဝေးတဲ့ နေရာတွေဖြစ်တဲ့ ပလမြို့ထဲနဲ့ တခြားကျေးရွာတွေဘက်ကို ကင်းလှည့်တာမျိုးလုံးဝမလုပ်တော့ဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ပလမြို့ဒေသခံတစ်ဦးက “ မနက်စောစောပိုင်းကလွဲပြီး ဘယ်မှာမှမတွေ့ရတော့ဘူး။ အခုသုံးရက်အတွင်းမှာ ပိုသိသာလာတယ် ”လို့ ပြောပြပါတယ်။
ပလမြို့ရဲစခန်းကို မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်ထပ်ရောက်လာပြီး သင်္ကန်းတောရွာ၊ တန်းရှင်းရွာတွေဘက်မှာ ကင်းပုန်းဝပ်နေသလို တပ်အင်အားဖြန့်ထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ မြိတ်ဘက်ကနေ ထားဝယ်ဘက်ကို တက်လာတဲ့ ကုန်တင်ကားတစ်စီးကိုချောဆွဲကာ မီးလောင်ချောင်ကျေးရွာကနေ လိုက်ပါလာတာဖြစ်ပြီး ပလရဲစခန်းမှာ နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ချောင်းရွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေလည်း တပ်စွဲလေ့ရှိပါတယ်။
ပလမြို့ရဲစခန်းကနေ ကဗျာရွာဘက်ကို အခုလက်ရှိ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပြီး ဇရပ်ဆိပ်ရွာတွေဘက်ကို စစ်ကြောင်းထိုးမဲ့ အခြေအနေလည်း ရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ပလမြို့မှာရှိတဲ့ ဇရပ်ဆိပ်ရွာက စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေတဲ့သူတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို နာမည်စာရင်းတွေကို ပုလော(ပကဖ)က အခုလ ပထမပတ်အတွင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့ ပုလောမြို့နယ်ထဲက ပလမြို့ဟာ လျှပ်စစ်မီးပြတ်တောက်နေပြီး ဆန်နဲ့ လောင်စာဆီ အကန့်အသတ်နဲ့ သာ ဝယ်ယူခွင့် ရထားတဲ့ မြို့ဖြစ်ပါတယ်။