ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းမှာ မေလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ ဒီကနေ့ အထိ ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
နေ့စဉ် တိုက်ပွဲဖြစ်ပွားချိန် အတွင်း စစ်ကောင်စီတပ် ခမရ (၄၂၂)၊ (၁၀၂)၊ (၅၄) တပ်နဲ့ လွိုင်ကော်တပ်အပြင် ဒီးမော့ဆို ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လေကြောင်းကနေ အကြိမ် ၂၀ ခန့် လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့ မနက်လည်း ၆ နာရီခွဲကနေ စဖြစ်တာ ၉ နာရီမှာ ပြန်ငြိမ်သွားတယ်။ တိုက်ပွဲဖြစ်နေတာ ၅ ရက် တစ်ပတ် ရှိနေပါပြီဗျ” လို့ ရှေ့တန်းရောက် ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးတဲ့ ခြေမြန်တပ်တွေက ခမရ (၂၇၈) နဲ့ ခမရ (၅၁၃) ဖြစ်ပြီး KNDF တပ်ရင်း (၉)၊ တပ်ရင်း (၁၀) နဲ့ KA တပ်ဖွဲ့တို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ကာ အဆိုပါ တိုက်ပွဲတွေ အတွင်း နှစ်ဖက် အထိအခိုက်ရှိပေမယ့် အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ကျည်၊ ရိက္ခာ၊ ဆေးဝါးတွေ ပြန်လည်ဖြည့်တင်းဖို့ DMOPDF ရဲ့ ကံစမ်းမဲ campaign တွေမှာ ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားပြီး မဲတစောင်ကို ၃ သောင်း ကျပ်နဲ့ ပထမဆု 4W ကားတစ်စီး အပြင် အခြားဆုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။