စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလကုန် အထိ ၄ အတွင်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ကျော် ပြုလုပ်ခဲ့လို့ ပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ISP MYANMAR က မေလ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ISP MYANMAR ရဲ့ စစ်တမ်းကောက်ယူမှုတွေ အရ ၄ လ အတွင်း နိုင်ငံအနှံ့က မြို့နယ် ၅၆ ခုထက်မနည်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၄၂ ကြိမ် ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ ၆၉၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်သား ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာတွေ မရှိပေမဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကလေးသူငယ် အများအပြား အပါအဝင် စုစုပေါင်း ပြည်သူ ၁၇၀ နီးပါး သေဆုံးခဲ့ရပါတယ်။
လက်ရှိ စစ်ကောင်စီက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံဒေသ၊ ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၂ သန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အများစုဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ISP MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။