အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ လွှတ်တော်အမတ် ၁၃၀ခန့်ရှိပြီး အဲဒီထဲက ၁၆ဉီး ထောင်တွင်းနဲ့ ထွက်ပြေးတိမ်းရှောင်ရင်း အသက်သေဆုံးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ပြည်ထောင်စုအဆင့်အမတ် ၄၁ဉီး၊ တိုင်း၊ ပြည်နယ်အဆင့်အမတ် ၈၇ဉီးဖြစ်ပြီး လက်ရှိထိ ဖမ်းဆီးခံထားရသူအမတ် ၉၀ခန့်ရှိတယ်လို့ ပြည်ထောင်စုလွှတ်ကော် ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။
အဲဒီထဲက အုတ်ဖိုနယ်က တိုင်းလွှတ်တော်အမတ် ဉီးမောင်မြင့်ဟာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ကျန်းမာရေး မကောင်းမွန်တာ ဆေးကုခွင့်မရဘဲ သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့ပြင် ဦးကျော်မျိုးမင်း (မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်အမှတ်(၂))ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာမှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကို ထုတ်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော်အမတ် ၅ဦးနဲ့ တိုင်း၊ပြည်နယ် လွှတ်တော်အမတ် ၉ ဦး ထွက်ပြေးတိမ်းရှောင်ရင်း လုံလောက်တဲ့ ဆေးကုသမှုမရရှိလို့ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
တစ်ပြည်လုံးအတိုင်းအတာ လွှတ်တော်အမတ်တွေရဲ့ ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒီနေ့ထုတ်ပြန်တာဖြစ်ပါတယ်။
ဒါ့ပြင် လွှတ်တော်အမတ် ၄ဉီးဖြစ်တဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဉီးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဉီးလွင်ကိုလတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒေါ်ဖြူဖြူသင်းတို့ နိုင်ငံသားအဖြစ် ရုပ်သိမ်းခံထားရပါတယ်။
အာဏာလု အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံအကြီးအကဲတွေ၊ သံဃာတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ ကျောင်းသားပြည်သူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါသေးတယ်။
ဒီအခြေအနေတွေ နိုင်ငံတကာသိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။
ဒါ့ပြင် ဖမ်းဆီးခံထားရတဲ့ အမတ်တွေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ဆိုင်ရာဌာန၊ အဖွဲ့တွေနဲ့ ပူးပေါင်းကူညီနေတယ်လို့ ပြည်ထောင်စုလွှတ်ကော် ကိုယ်စားပြုကော်မတီက ဖော်ပြထားပါတယ်။