ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့က စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဒီကနေ့ မေလ ၂၀ ရက်မှာ ကျောင်းပြင်ဆင်ရေး လုပ်ငန်းတွေ လာလုပ်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီး အထက(၁) ကျောင်းကို သန့်ရှင်းရေး လာလုပ်သွားတယ်လို့ သူကပြောပါတယ်။
“ဒီကနေ့ မနက်ကပါပဲ။ ဖယ်ခုံမြို့ အထက (၁) စာသင်ကျောင်းကို စစ်ကောင်စီတပ်သားတွေနဲ့ လူတစ်ချို့ ရောက်လာပြီး ကျောင်းကို သန့်ရှင်းရေး လုပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နေကြတယ်။ ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်နေတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဖယ်ခုံမြို့နယ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်တာဟာ ကလေးငယ်တွေ လုံခြုံရေးအတွက် မသင့်တော်ဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အဲ့ကျောင်းက မပိတ်ဘူးဗျ။ မနှစ်ကလည်း ဖွင့်တယ်။ တက်တဲ့သူကလည်း တက်တယ်။ မတက်တဲ့ သူတွေကလည်း မတက်ဘူးပေါ့ဗျာ။ အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျောင်းတက်ရင်တော့ တော်တော်အံ့ဩရမှာပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ အခုလို ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်နေသလို တစ်ဖက်မှာတော့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ကလေးသူငယ် အများစု ကျောင်းပြန်မတက်နိုင် ဖြစ်နေတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေရတဲ့ ဖယ်ခုံဒေသခံ ကလေး ၂,၀၀၀ နီးပါးဟာ ပညာသင်ကြားဖို့ အခွင့်အလမ်းမရှိ ဖြစ်နေတယ်လို့ စစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါတယ်။