စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲက ထွက်ပြီး ကျေးရွာတွေကို နေ့စဉ်နီးပါး စီးနင်းဝင်မွှေ အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ မေ(၁၉)ရက်က စတင်ပြီး စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ကပ်လျှက်က ပဒူတိုက်နယ် ကျေးရွာတွေထဲ ဝင်မွှေလုယက် အကြမ်းဖက်နေလို့ ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ပြေးနေရပါတယ်။
စစ်အုပ်စုဟာ မေ(၁၉)ရက်က စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ် ကျေးရွာတွေထဲ အင်အား(၃၀)လောက်နဲ့ ဝင်မွှေလုယက်ခဲ့ပြီး မေ(၂၀)ရက်မှာ အင်အား(၆၀)လောက်၊ ဒီနေ့ မေ(၂၁)ရက်မှာ အင်အား (၁၀၀)ကျော်နဲ့ တစ်နေ့ပြီးတစ်နေ့ အင်အားတိုးကာ စီးနင်းလုယက် အကြမ်းဖက်နေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် အိမ်ခြေ (၁၅၀၀)ကျော် ရှိတဲ့ ပဒူရွာ အပါအဝင် ကျောက်ပနံရွာ၊ ကျောက်ပနံရွာသစ်ရွာ၊ ကံကြီးကုန်းရွာ စတဲ့ ကျေးရွာလေးရွာက ဒေသခံပြည်သူ (၁၀,၀၀၀)လောက် လွန်ခဲ့တဲ့ သုံးရက်ကတည်းက ထွက်ပြေးနေရပြီး စစ်အုပ်စုက ဆက်လက် သောင်းကျန်းနေလို့ စာရေးရွာ၊ ဆည်လေးတောရွာ စတဲ့ ကျေးရွာတွေလည်း စစ်ပြေးနေရတယ်လို့ ဆိုပါတယ်။
“ပြေးနေရတာ သုံးရက်လောက် ရှိပြီ။ ဒီနေ့ဆိုရင် ခွေးအင်အား (၁၀၀)ကျော်လောက် ပါလာတယ်။ ပြည်သူတွေကတော့ နေပူကျဲတဲ အကုန် ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲက စစ်အုပ်စုဟာ မနက်သွား ညပြန်သဘောမျိုး စစ်ကားတွေနဲ့ အကြိုအပို့ လုပ်ကာ စစ်ကိုင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ ူသတ်၊ လုယက်၊ အကြမ်းဖက်နေတာ ဖြစ်ပြီး မနက်ပိုင်းမှာ ဝင်စီးမယ့် ကျေးရွာထဲ ကားနဲ့လာချပေးပြီး ညနေပိုင်းမှာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ စစ်အုပ်စုကို ကားနဲ့ လာကြိုသွားတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းမြို့နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့လို့ အိမ်ခြေ(၃၀၀၀)ဝန်းကျင် မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။