ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်ဖို့ မလုံခြုံသေးဘူးလို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ မေလ ၂၂ ရက်မှာ ပြောပါတယ်။
ဧပြီလ ၅ ရက်နေ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့နယ်မှာ ဧပြီလ ကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်ငြိမ်သွားပေမဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက သုံးသပ် ပြောပါတယ်။
“တိုက်ပွဲတွေက ပြန်တော့ ငြိမ်သွားတာ ရက်အနည်းငယ်လောက်တော့ ရှိပါပြီ။ ဒါပေမဲ့ စစ်ရေး အခြေအနေက ပြောလို့မရဘူးလေ။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ပိတ်မိမှာလည်း စိုးရတယ်။ စစ်ရှောင် ပြည်သူတွေ နေရပ်ပြန်ဖို့က မလုံခြုံသေးပါဘူး။ ပြည်သူတွေလည်း ပြန်ဖို့ ကြောက်နေပါတယ်” လို့ သူကပြောပါတယ်။
ဧပြီလက ဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့နယ်တိုက်ပွဲတွေ အတွင်း လသား ကလေးငယ် တစ်ဦနဲ့ အသက် ၁၄ နှစ် အရွယ် တစ်ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး ကျေးရွာ ၂၀ ဝန်းကျင်ခန့်က ပြည်သူ ၆,၀၀၀ ကျော်ဟာ နီးစပ်ရာ စစ်ရှောင်စခန်းတွေနဲ့ မြို့တွေမှာ သွားရောက်ခိုလှုံ နေရပါတယ်။
မန္တလေး PDF နဲ့ နီးစပ်သူ တစ်ဦးကလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြန်ငြိမ်သွားတယ် ဆိုပေမဲ့ နယ်မြေ မစိုးမိုးနိုင်သေးဘဲ တစ်ဖက်နဲ့ တစ်ဖက် စစ်ရေး လှုပ်ရှားမှု အခြေအနေတွေ စောင့်ကြည့်နေဆဲမို့ ပြည်သူတွေ နေရပ်ပြန်လာဖို့ မသင့်ဘူးလို့ သုံးသပ်ပါတယ်။
မန္တလေး PDF ရဲ့ ဧပြီ ၂၃ ရက် တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ တိုက်ပွဲတွေ အတွင်း ခလရ (၁၄၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြတ်မင်းထွန်း နဲ့ တပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်သား ၁၀၀ ကျော် သေဆုံးသွားတယ်လို့ သိရပါတယ်။