စစ်ကိုင်းမြို့နယ် မြို့ရဲ့မြောက်ဘက်က ကျေးရွာတွေထဲ စစ်အုပ်စု လက်နက်အားကိုးနဲ့ စီးနင်းဝင်မွှေလုယက်ကာ ပြည်သူတွေကို ရန်ပြုသောင်းကျန်းနေလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သားအမိနှစ်ဦး ဘုရားဝင်ထဲ ယာယီခိုလှုံနေစဉ် အုတ်တံတိုင်းပိလို့ ငါးနှစ်အရွယ် သားငယ်လေး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီနေ့ မေ(၂၂)ရက် မနက်ပိုင်းက အုတ်တံတိုင်းပြိုလဲပြီး ပိလို့ စစ်ကိုင်းမြို့နယ် ခက်ခအရှေ့ရွာကနေ ထွက်ပြေးလာတဲ့ စစ်ပြေးပြည်သူ အသက်ငါးနှစ်အရွယ် မောင်ကောင်းသန့် ဆိုတဲ့ ကလေးငယ် သေဆုံးတာလို့ ဆိုပါတယ်။
“ရှေးဟောင်းဘုရား အုတ်တံတိုင်းမို့၊ မိုးရွာထားတဲ့ အရှိန်လည်းပါတာပေါ့။ စစ်ပြေးရင်း ဘုရားထဲ ခိုနေရာက အုတ်တံတိုင်းပိပြီး ဆုံးတာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ အကြမ်းဖက်စီးနင်း လုယက်သောင်းကျန်းနေလို့ စစ်ကိုင်းမြို့ရဲ့ မြောက်ဖက်က အိမ်ခြေ (၁၅၀၀)ကျော် ရှိတဲ့ ပဒူရွာ အပါအဝင် ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာ၊ ကျောက်ပနံရွာ၊ ကျောက်ပနံရွာသစ်ရွာ၊ ကံကြီးကုန်းရွာ၊ ဆည်လေးတောရွာ၊ စာရေး အရှေ့ရွာ အနောက်ရွာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ပြေးနေရပါတယ်။
စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲက စစ်အုပ်စုဟာ မနက်သွား ညပြန်သဘောမျိုး စစ်ကားတွေနဲ့ အကြိုအပို့ လုပ်ကာ စစ်ကိုင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတာ ဖြစ်ပြီး မနက်ပိုင်းမှာ ဝင်စီးမယ့် ကျေးရွာထဲ ကားနဲ့လာချပေးပြီး ညနေပိုင်းမှာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ စစ်အုပ်စုကို ကားနဲ့ လာကြိုတာလို့ ဆိုပါတယ်။