ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ မနေ့ မေလ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲက စစ်ကောင်စီ လက်အောက်ခံ ထွေအုပ် ရပ်ကျေးစာရေး ပျူစောထီးအဖွဲ့ဝင် ဦးချစ်ကိုနဲ့ ဖောင်တော်ဦးဘုရား ရဲကင်းက ရဲတပ်သား ၃ ဦး ဝင်ရောက် စစ်ဆေးခဲ့တာပါ။
အစစ်ခံရတဲ့ အိမ်တွေနဲ့ နီးစပ်သူ တစ်ဦးက “တာဝန်အရလို့တော့ ပြောတာပဲ။ ဘာတာဝန်လဲ မေးတော့လည်း တိတိကျကျ မဖြေဘူး။ အဲဒီအိမ်ကလည်း သိတဲ့အတိုင်း ၆၀ ကျော် အမျိုးသမီး ၂ ယောက်နဲ့ ၈၀ ကျော် လူမမာပဲရှိတာ။ အရင်ကတည်းက အခုထိ နိုင်ငံရေးကို စိတ်မဝင်စားဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် အစစ်ခံရတဲ့ နေအိမ် ၂ လုံးမှာ Non-CDM ကျောင်းဆရာမတွေ နေထိုင်ပြီး စစ်တပ် ထောက်ခံတဲ့အိမ် ဖြစ်တဲ့အပြင် တခြား စစ်ဆေးခံရတဲ့ အိမ်တစ်လုံးက ကုန်သည်အိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ရှောင်တခင် ဧည့်စာရင်း လာစစ်တာဟာ တစ်ရွာလုံး မီးပြတ်ပြီး မှောင်မဲနေချိန် အိမ် ၃ အိမ်က မီးလင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“၂ အိမ်က မီးစက်နှိုးထားတာ။ ကျန်တဲ့အိမ်က ဆိုလာ တပ်ထားတာဆိုတော့ လင်းထိန်နေတာ။ မီးမှောင်တဲ့အိမ် တစ်အိမ်မှ မစစ်ဘူး။ အရင်က နိုင်ငံရေးလုပ်တဲ့အိမ် ဘာညာဆိုရင် လက်ခံနိုင်ပါတယ်။ ခုဟာက ဘာမှမဆိုင်တဲ့ အပြင် တပ်ထောက်ခံသူ အိမ်တောင် ပါသေးတာ” လို့ သူကပြောပါတယ်။
ရှောင်တခင် ဧည့်စာရင်းစစ်ရာမှာ နန်းပန်မြို့ နယ်မြေ ရဲစခန်း မပါဝင်ဘဲ ဘုရား ရဲကင်းနဲ့ ပျူစောထီးတွေ ပါဝင်တာကြောင့် ခြိမ်းခြောက် ငွေညှစ်ဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။
“တခုခု ဖမ်းဆီးစစ်ဆေးရင် နန်းပန်ရဲ ပါရတယ်။ ဖောင်တော်ဦးက ရဲကင်းအဆင့်ဆိုတော့ ဘာမှလုပ်ခွင့် မရှိဘူး။ အခု သူတို့သဘောနဲ့ သူတို့ဆိုတော့ ငွေညှစ်တာလည်း ပါမှာပေါ့။ ဒီကောင်တွေက အငတ်တစ်လိုင်းတွေ။ ရဲတပ်သား မောင်ငယ်က ပိုဆိုးတယ်။ လောင်းကစားဝိုင်း ဒိုင်တွေကို ဈေးနေ့တိုင်း လိုက်ကောက်နေတာ” သူက ဆိုပါတယ်။
သာလေးကျေးရွာနဲ့ အိုးကုန်းကျေးရွာဟာ ဖောင်တော်ဦးဘုရား အနီး မြောက်ဘက်မှာ ရှိပြီး လူဦးရေ ၁,၀၀၀ နီးပါးခန့် နေထိုင်တယ်လို့ သိရပါတယ်။