တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာအနီးမှာ မေ ၂၄ ရက် မနက်ပိုင်းက ပလောက်ကနေ ပုလောဘက်ကို မောင်းလာတဲ့ စစ်ကား ၂ စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးထံက သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ဘက်က မနက် ၆ နာရီလောက်မှာ အင်အား ၅၀ နီးပါးလောက်ပါတဲ့ စစ်ကားနှစ်စီးကို မိုင်း ၆ လုံးခွဲတယ်။ တစီးက လွတ်သွားတယ်။ တစီးက ရပ်သွားပြီး ကျနော်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ စခတွေဘက်က ၄၀ မမ အလုံး ၂၀ လောက် ပြန်ပစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ၆ နာရီခွဲလောက်မှာ ပြန်ဆုတ်လာတယ်” လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှု အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေ ၁၁ ရက်ကလည်း ပုလောမြို့နယ်၊ ထမင်းမစားရွာနဲ့ နန်းပရုတ်ရွာကြား ကားလမ်းမပေါ်မှာ စစ်ကောင်စီဘက်က စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။