ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းရှိ Star High ဆီဆိုင် အနီးမှာ မေလ ၂၃ ရက်၊ ညနေ ၃ နာရီခွဲက ကား ၃ စီး ဆင့်တိုက်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးနဲ့ ကားတိုက်မှု ကျူးလွန်သူ ဗိုလ်မှူးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်တပ်က ဗိုလ်မှူး ဆိုသူ မောင်းနှင်လာတဲ့ Kluger ယာဉ်ဟာ ဆီဆိုင်ထဲဝင်ဖို့ မီးပြပြီး လမ်းမပေါ်မှာ ကွေ့ဖို့ စောင့်ဆိုင်းနေတဲ့ ဟိုက်ဂျက်ကားကို နောက်က ဝင်တိုက်ခဲ့တာဖြစ်ပြီး ဟိုက်ဂျက် ရှေ့က မောင်းဝင်လာတဲ့ Probox ကားနဲ့ ဆင့်တိုက်မိတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါ တယ်။
“သေသွားတဲ့ ဟိုက်ဂျက် မောင်းတဲ့သူက မှော်ဘီမြို့နယ်၊ စာဖြူစုကျေးရွာ အုပ်ချုပ်ရေးမှူး မင်းနောင်လို့ သိရတယ်။ Probox ယာဉ်မှာတော့ မိသားစု စီးလာတာ ၈ နှစ်အရွယ် ကလေးက ခြေထောက် ၂ ချောင်း ကျိုးသွားတယ်။ ဝင်တိုက်တဲ့ကားက ဗိုလ်မှူး အဆင့်ရှိတဲ့သူလို့ သိရပေမယ့် နာမည်နဲ့ တပ်ရင်းကိုတော့ မသိရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။
ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး သတင်းမပြန့်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး သာမာန်ယာဉ်တိုက်မှု ဖြစ်စဉ်ကဲ့သို့ သတင်းဖြန့် ဖုံးဖိထားတယ်လို့ သိရပါတယ်။