မြိတ်မြို့၊ ပပြင်ကျေးရွာအုပ်စုက မိုင်တဲတာဝါတိုင်ကို တောကြီးမြွေဟောက်အဖွဲ့ (King Cobra)က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
အခုလ ၂၃ ရက်နေ့ မနက် ၅ နာရီထိုးပြီးအချိန်လောက်မှာ တာဝါတိုင်ကို ပဒေသာမိုင်း (၃) လုံးနဲ့ မိုင်းခွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
“ အခုလိုလုပ်လိုက်လို့ စစ်ကောင်စီအနေနဲ့ လှုပ်လှုပ်ရွရွဖြစ်သွားမယ်လို့တော့ မျှော်လင့်တယ်။ အရင်ကတည်းက ငြိမ်နေတဲ့ နေရာမှာ နဲနဲလေးလှုပ်လှုပ်ရှားရှားလေးဖြစ်သွားတဲ့ သဘောမျိုးပေါ့။” လို့ မြိတ်(ပကဖ)တာဝန်ခံက ပြောပါတယ်။
အဆိုပါ မိုင်တဲတာဝါတိုင်ကနေ ပပြင်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာအုပ်စုတွေက ဖုန်းလိုင်းရနေတာဖြစ်ပြီး တခြားဖုန်းလိုင်းတွေကတော့ လိုင်းဆွဲအားသိပ်မကောင်းဘူးလို့ သိရပါတယ်။
ပပြင်ကျေးရွာအုပ်စုအနီးတဝိုက်မှာ ဘုတ်ခြံရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၇) တပ်ရင်းနဲ့ ပနိုရွာအခြေစိုက် အမြောက်တပ် (၅၀၁)တို့ ရှိပြီး တခြားတပ်ရင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
မိုင်တဲတာဝါတိုင် အခုလို မိုင်းခွဲတိုက်ခိုက်ခံရတာက မြိတ်မြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။