မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသက ပေါက်တောရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ထင်းလာခုတ်တဲ့ စစ်ရှောင်နှစ်ဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မေလ ၂၄ရက် နေ့လည် ၂နာရီ ဝန်းကျင်မှာ ပေါက်တော ကျေးရွာအစပ်ကို ဒရုန်းနဲ့ အီနာဂါ ဗုံးသီး ၂လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဒေသခံ တဦးကပြောပါတယ်။
” ပြည်သူတွေက ထင်းအခက်ခဲဖြစ်လို့ ထင်းခုတ်တာ။ ဘယ်သူမှလဲ မရှိဘူး။ ပြည်သူတွေပဲရှိတာ လာချ တာတော့ ဧရာဝဒီ မြစ်အရှေ့ဘက်က ပတ္တာ ရွာဆီက ဒုန်းလာတာ ဗုံးသီး ကြောင့် ပြည်သူနှစ်ဦး ထိခိုက်သွားတယ် မရစိုးရိမ်ရဘူး” လို့ သူက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေလို့ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ ထင်းလိုအပ်ချက်ရှိလာတာကြောင့် ပေါက်တောရွာအနီးမှာ ဒေသခံ ၁၀ ဦးခန့်က ထင်းလာခုတ်ခဲ့ရာက အကြမ်းဖက်စစ်တပ်ရဲ့ အဲဒီလို အကြောင်းမဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် နေရင်းရွာသား နှစ်ဦးကို ထိမှန်ခဲ့ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ကတည်းက ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၃ရွာက ပြည်သူ ၁၃၀၀ ကျော်ဟာ လက်ရှိအချိန်ထိ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။