မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မြင်းခြံထောင်တွင်းက အခြေအနေတွေ သတင်းမီဒီယာမှာ ပေါက်ကြားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်နေပြီး ဒီနေ့ မေ(၂၄)ရက်အထိ ထောင်တွင်း အိပ်ဆောင်ကနေ စစ်အုပ်စုက ခေါ်ထုတ်သွားတဲ့ နိုင်/ကျဉ်း (၁၁)ဦးအထိ ရှိနေပြီလို့ နိုင်/ကျဉ်းအရေး ကူညီနေသူတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မေ(၂၁)ရက်က စတင်ကာ မြင်းခြံထောင်တွင်းက နိုင်/ကျဉ်းတွေကို ခေါ်ထုတ် ညှဉ်းပန်းနေတာ ဖြစ်ပြီး မေ(၂၁)နဲ့ (၂၂)ရက်က နိုင်/ကျဥ်းတွေ ဖြစ်တဲ့ တောင်သာက ကိုသက်မောင်မောင်နဲ့ ကိုကျော်မင်းနိုင်၊ မန္တလေးက ကိုကျော်မျိုးတင့်နဲ့ ကိုဇော်ဇော်အောင်၊ မြင်းခြံက ကိုကျော်ဇင်ဦး၊ မုံရွာက ကိုဥက္ကာတို့ ခုနှစ်ဦး၊ မေ(၂၃)ရက်နဲ့ ဒီနေ့ မေ(၂၄)ရက်မှာ မုံရွာက ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ မန္တလေးက ကိုမင်းရဲထွေး(ခ) ကိုမင်းသွေး နဲ့ ကိုကျော်စိုးတင့်တို့ လေးဦး၊ စုစုပေါင်း (၁၁)ဦးကို ခေါ်ထုတ်သွားတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ထုတ်ပြန်ပါတယ်။
“ကျနော်တို့ ကြားထားတဲ့ ကောလဟလ သတင်းကတော့ ထောင်ထဲမှာ လက်ကိုင်ဖုန်း ရှိနေတယ် စွပ်စွဲပြီးတော့ သူတို့ ထင်တဲ့သူတွေကို မတရား စွပ်စွဲပြီးတော့ ခေါ်ထုတ်ပြီး ရိုက်နှက် စစ်ဆေးနေတယ်လို့ သိရတယ်”လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မြင်းခြံထောင် နိုင်/ကျဥ်းဟောင်း ကိုရှင်းသန့်က ပြောပါတယ်။
စစ်အုပ်စုက ခေါ်ထုတ် ညှဉ်းပန်းနေတဲ့ နိုင်/ကျဉ်းတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေ မသိရသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရပြီး စစ်အုပ်စု ဘက်ကလည်း သူတို့ ညှဉ်းပန်းနေတဲ့ နိုင်/ကျဉ်းတွေကို အသက်အာမခံချက် မပေးဘူးလို့ သတင်းကြားရကြောင်း ကိုရှင်းသန့်က ဆိုပါတယ်။
စစ်အုပ်စု ခေါ်ထုတ် ညှဉ်းပန်းနေတဲ့ နိုင်/ကျဥ်းတွေအနက် မုံရွာက ကိုဥက္ကာ ကျဆုံးသွားပြီလို့ သတင်းကြားပေမယ့် စစ်အုပ်စုက အရုပ်အလောင်းကို ထုတ်ပေးတာမျိုး မရှိသေးသလို အတိအကျ မသိရသေးဘူးလို့ မုံရွာသပိတ် ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီနေ့ မေ(၂၄)ရက် မနက်ပိုင်းမှာ စစ်အုပ်စု လက်အောက်ခံ အကျဥ်းဦးစီးဌာန ညွှန်ချုပ်နဲ့ ညွှန်မှူးဆိုသူတွေ မြင်းခြံထောင်တွင်း ရောက်ရှိနေပြီး နိုင်/ကျဉ်းတွေကို ဆက်လက် ညှဉ်းပန်း စစ်ဆေးနေတယ်လို့ မုံရွာလူထု သပိတ် ကော်မတီက ဆိုပါတယ်။
ဒါ့အပြင် မြင်းခြံထောင် အပြင်ဘက်မှာရော ထောင်အုတ်ရိုးအတွင်းမှာပါ စစ်အုပ်စုက လက်နက်အပြည့်အစုံနဲ့ စီးနင်းထားပြီး စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ စကားပြောစက်တွေကိုပါ စစ်အုပ်စုက သိမ်းဆည်းတယ်လို့ နိုင်/ကျဥ်းအရေး ကူညီနေသူတွေက ပြောပါတယ်။
မြင်းခြံထောင်တွင်းက နိုင်/ကျဉ်းတွေကို စစ်အုပ်စုက ဥပဒေမဲ့ ခေါ်ထုတ် ညှဉ်းပန်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ မြင်းခြံထောင်တွင်း ကျန်ရှိနေတဲ့ နိုင်/ကျဥ်းတွေက မေ(၂၂)ရက်က စတင်ကာ ထောင်ကကျွေးတဲ့ အစားအစာတွေကို မစားဘဲ သပိတ်မှောက် တိုက်ပွဲဝင်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ မြင်းခြံထောင်မှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီး ထောင်ချထားတဲ့ မုံရွာ၊ မန္တလေး၊ မြင်းခြံနဲ့ တောင်သာက နိုင်/ကျဥ်း စုစုပေါင်း (၂၀၀)ကျော် ရှိတယ်လို့ နီးစပ်သူတွေက ခန့်မှန်းပါတယ်။