ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး လူငယ်ကိုးဦးခန့်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေကDNAကိုပြောပါတယ်။
“ညက ၁၀နာရီကျော်လောက်မှာ စစ်ကား လေးစီးနဲ့လာဖမ်းတာ။လာဖမ်းတဲ့အချိန်မှာ တချို့လူငယ်တွေက တိမ်းရှောင်ဖို့လုပ်တဲ့အတွက် စစ်သားတွေက သေနတ် ၂ချက်ပစ်ဖောက်ပြီး ထွက်မပြေးဖို့ခြိမ်းခြောက်တာပေါ့။အဲ့ဒါပြီးတော့ ဖမ်းသွားတာ။”လို့ အဲ့ဒီဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာတော့ လူငယ်တွေကို ဘာကြောင့်ဖမ်းဆီးတယ်ပြီးဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ မသိရှိရသေးဘူးလို့လည်းဆိုပါတယ်။
အခုလို လူငယ်တွေကို လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီတပ်က နာမည်၊လိပ်စာတွေနဲ့တကွလာရောက်ရှာဖွေဖမ်းဆီးသွားတာဖြစ်ပြီး လူငယ်တချို့ကို စစ်ကောင်စီတပ်တွေက ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ အဲဒီဖမ်းဆီးခံရတဲ့လူငယ်တွေကို စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်က ဦးရွှေမှန်လမ်း၊ကံ့ကော်လမ်း၊အောင်သပြေလမ်းနဲ့ကံ့ကော်လမ်းအတွင်းဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တဆိုင်ကို အင်အားအလုံးအရင်းနဲ့ဝိုင်းပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း ဖြစ်စဥ်ကိုမျက်မြင်တွေ့ရှိသူ တဦးကလည်းပြောပါတယ်။
“တနေရာတည်းကတော့ မဟုတ်ဘူး ။နေရာလေးနေရာကိုဝင်ပြီး ဖမ်းသွားတာ ။သေနတ်ဖောက်တဲ့အချိန်မှာ ရပ်ကွက်ကိုလည်း ကိုယ်နဲ့မဆိုင်ရင်ထွက်မကြည့်နဲ့ သေနတ်နဲ့ ပစ်မှာလို့ ပြောတာ။ကျွန်တော် ချောင်းကြည့်နေလိုက်လို့ မြင်လိုက်ရတာ”လို့ ဖြစ်စဥ်ကိုမျက်မြင်တွေ့ရှိသူ တဦးကလည်းပြောပါတယ်။
ဖမ်းဆီးခံလူငယ်တွေရဲ့မိသားစုတွေကတော့ အခုလို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာမသိရှိသေးတဲ့အတွက် လူငယ်တွေရဲ့အသက်အန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ၂၀၂၃ခုနှစ်၊ မေလ၂၄ရက်အထိ ဖမ်းဆီးခံရသူပေါင်း ၂၂၆၈၃ဦး၊ထိန်းသိမ်းခံထားရဆဲ၁၈၃၆၄ဦးနဲ့ထောင်ဒဏ်ချမှတ်ခံရသူ၆၀၇၆ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPPကထုတိပြန်ထားပါတယ်။
Websiteတွင် ကြည့်ရှုရန် >>> https://deltanewsagency.com/35750/