စစ်ကောင်စီတပ်က မနေ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ လောင်းလုံးမြို့နယ်ထဲက ကရင်ကြီးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထဲကိုကျတာ စုစုပေါင်း ၆ လုံးရှိတယ်ဗျ။ ရွာအလည်ပိုင်းကို လေးလုံးကျပြီး ရွာဖျားပိုင်းကို ၂လုံးကျတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနက် ၇နာရီလောက်ကစပြီး စစ်ကောင်စီစစ်ကြောင်း သဘော့ဆိပ်၊ ပြင်ကြီးရွာဘက်ကို ခြေလျင်ဝင်ရောက်နေချိန် သဲပုံတောင်ပေါ်က စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ၁၀ ချက် ဝန်းကျင် ပစ်ခတ်ခဲ့တာပါ။
ရွာသားတွေကတော့ အိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လက်နက်ကြီးကျချိန် လူထိခိုက်မှုမရှိပေမဲ့ နေအိမ်အချို့ အနည်းငယ်ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ကရင်ရွာသားအချို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပညစ်ရွာဘက်ကိုဦးတည်နေတယ်လို့ သိရပေမဲ့ ၎င်းစစ်ကြောင်း ဘယ်နေရာကို ဆက်သွားတယ်ဆိုတာ မသိရသေးပါဘူး။
အခုနေ့လည်ပိုင်းမှာ သဗျာကျေးရွာနဲ့ ပဥ္စသီမော်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေလို့ ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒေသခံအချို့ကတော့ သဗျာရွာဘက်ကိုရောက်နေတဲ့ စစ်ကြောင်းဟာ ကရင်ကြီးရွာဘက်ကထွက်လာတဲ့စစ်ကြောင်းလို့ ဆိုပေမဲ့ တချို့ကလည်း တောထဲမှာပဲ ရှိနေသေးတယ်လို့ ခန့်မှန်းကြပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရွာထဲဝင်ရောက်ချိန် ဖမ်းဆီးခဲ့တဲ့ သဘော့ဆိပ်၊ ပြင်ကြီးရွာသားတွေကိုတော့ မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်း အခုလ ၂၄ ရက်နေ့ကစလို့ စစ်ကြောင်းတွေခွဲပြီး နေရာယူ ဝင်ရောက်လာတာဖြစ်ပြီး ခြေလျင်တောနင်းတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။
လောင်းလုံးမြို့ပေါ်မှာလည်း လဝကရုံးဝင်ရောက်ပစ်ခတ်ခံရပြီးနောက် အစစ်အဆေးအဖမ်းအဆီးများပြားနေပြီး သုံးရက်အတွင်းဖမ်းဆီးခံရပြီး ပြန်မလွတ်သေးသူ ၆ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။