ကရင်နီပြည်နယ်မှာ PDF တွေကို ပေးနေတာ၊ ကူညီတာတွေရှိရင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပစ်မယ်လို့ ကယန်းအဖွဲ့အစည်းတွေဆီကို စစ်ကောင်စီက ဖုန်းဆက်ခြိမ်းခြောက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီးဘူးမြို့နယ်မှာ တိုက်လေယာဉ် ၉ အုပ်စုဖွဲ့ပျံသန်းပြပြီးနောက် အခုလိုမျိုး ဖုန်းဆက်ခြိမ်းခြောက်လာတာဖြစ်တယ်လို့ ကယန်းအဖွဲ့အစည်းတွေနဲ့ နီးစပ်သူက မဲခေါင်သတင်းဌာနကို ဒီနေ့ မေ ၂၆ ရက်မှာ ပြောပါတယ်။
“ကယန်းဂွင်မှာလေ PDF တွေ မြို့ထဲ ပေးနေတာတို့၊ စခန်းတွေရှိတာတို့ဆို စစ်ကောင်စီက ဗုံးကြဲမယ်လို့ပြောထားတယ်။ ကယန်းအဖွဲ့အစည်းကို ဖုန်းဆက်ပြောတာ။ EAO အစိုးရ အဖွဲ့အစည်းလိုပါပဲ။ ဟိုတစ်ရက်က လေယာဉ်တွေ လာဝဲပြပြီး ဖုန်းဆက်ခြိမ်းခြောက်တာပေါ့” လို့ ဒေသခံတစ်ဦးလည်းဖြစ်တဲ့ သူက ဆက်ပြောပြပါတယ်။
ကရင်နီပြည်နယ်ထဲ PDF တပ်ဖွဲ့တွေမှာ စစ်ကောင်စီ ဒလန်ပါလာတာကြောင့် သတင်းတစ်ချို့ ပေါက်ကြားသွားပြီးနောက် ကယန်းအဖွဲ့အစည်းအနေနဲ့ PDF တွေကိုလက်ခံထားတာ၊ စခန်းတွေရှိနေပါက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ခြိမ်းခြောက်ဖုန်းဆက်လာတာဖြစ်တယ်လို့ သူကပြောပါတယ်။
ကရင်နီပြည်နယ်နေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် မကြာခဏဆိုသလို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။