လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရဲကား ဒီနေ့ နေ့လယ်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နေ့လယ် ၁၁ နာရီခွဲလောက်မှာ လောင်းလုံး-စမ်းလှမ်းလမ်းပေါ်က စမ်းလှမ်းတောင်တဝိုက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ကားပေါ်မှာ အသက်၄၀ ကျော်အရွယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရဲကလေးဆိုသူနဲ့ သူ့ရဲ့ တပည့်ဖြစ်သူ ကိုအောင်ခင်တို့ လိုက်ပါလာတယ်လို့ တိုက်ခိုက်ခဲ့တဲ့ Dawei Defense Team – DDT အဖွဲ့ ကထုတ်ပြန်ထားပါတယ်။
“သူကရွာနဲ့လောင်းလုံးမြို့ပေါ် အတက်အဆင်းအမြဲရှိတယ်။ အခုကမိုင်းဆွဲခံရတယ်လည်းကြားတယ်။ ကြားဖြတ်သေနတ်နဲ့ပစ်တာလို့လည်းကြားတယ်။ ထိတာကတော့သေချာပါတယ်။ ပေါက်ကွဲသံလည်းကြားတယ်” လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး လက်နက်ကိုင်ထားသူတစ်ဦးလည်းဖြစ်တယ်လို့ဒေသခံကဆိုပါတယ်။
တိုက်ခိုက်ခံရပြီး သိပ်မကြာခင် အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ ကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။ အခုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုရှိမရှိနဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ ၁၅မိနစ်ခန့်လောက်အကြာမှာပဲ တိုက်ခိုက်ခံရတဲ့နေရာအနီးကိုသွားရောက်ပြီး လက်နက်ကြီး အများအပြားရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့ကနေ စမ်းလှမ်းရွာကိုသွားတဲ့လမ်း (နောက်ပြင်ပိုင်းလမ်း)က ဒေသခံ ၁၁ ဦးခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ဒေသခံကဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာလမ်းတလျှောက်မှာနေထိုင်တဲ့ သာမန်ဒေသခံ အမျိုးသားတွေဖြစ်ပြီး ဖမ်းဆီးပြီးနောက် လောင်းလုံးရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
အခုလ ၂၃ ရက်နေ့နေ့လယ်ပိုင်းကလည်း လောင်းလုံးမြို့နယ် လဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်နဂါးတပ်ခွဲက ဝင်ရောက်စီးနင်းပြီး လဝက ဒုဦးစီးမှူးကိုပစ်ခတ်ခဲ့ပါသေးတယ်။