ကရင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ၂ လတာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်အရာရှိတွေ အပါအဝင် စစ်သား ၁၁၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းက ဒီကနေ့ မေလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက KNU တပ်မဟာ (၆) နယ်မြေမှာ တပ်မ(၄၄)၊ BGF သင်္ကန်းညီနောင်ဗျူဟာတပ်တွေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း (၁)၊ ကော်ဘရာ စစ်ကြောင်း (၂)၊ ကျားသစ်နက် စစ်ကြောင်း၊ Golden Eagle၊ Federal Wings၊ ရောင်နီ စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ အရာရှိတွေ အပါအဝင် စစ်သား ၁၁၄ ဦးသေဆုံးကာ ၁၂၉ ဦး ဒဏ်ရာရခဲ့ပြီး ၁၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ BGF စခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး ၆၀ မမ ပြောင်းရှည် တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်၊ ၄၀ မမ တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၄၁ လက် သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ Drone ၄ စင်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂ လတာ တိုက်ပွဲအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေက မြေပြင်ကနေ အင်အား အလုံးအရင်းနဲ့
စစ်ကြောင်းထိုးတာ အပြင် လေကြောင်း တိုက်ခိုက်မှု ၂၂ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁,၀၈၁ ကြိမ် ပစ်ခတ်ခဲ့လို့ ပြည်သူ တစ်ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိကာ ပြည်သူပိုင် အဆောက်အအုံ ၄၁ လုံး ပျက်စီးကာ ကျွဲ၊ နွား တိရစ္ဆာန် ၁၀ ကောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။