ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက် နေပေမဲ့ သတင်း မထုတ်ပြန်တာဟာ လုံခြုံရေး အခြေအနေကြောင့် ဖြစ်တယ်လို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၇ ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ပင်လောင်း-ဖယ်ခုံမြို့နယ် အစပ် နမ့်နိန်း၊ လယ်ဟွဲကျေးရွာ တွေမှာ အင်းလေး PDF အနေနဲ့ မဟာမိတ် တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက် နေပေမဲ့ သတင်း မထုတ်ပြန်ဖြစ်တာက အင်တာနက် အခက်အခဲနဲ့ စစ်ကောင်စီ ခြေရာကောက် ထောက်လှမ်းလို့ မရအောင် ကြိုတင် ကာကွယ်ထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် တိုက်ပွဲမှာ အင်းလေး PDF တပ်ခွဲမှူး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပေမဲ့ လက်ယာ မျက်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေမှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေ၊ ဒေသခံ တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ ၃ လကျော်ကြာမြင့်တဲ့အထိ ပြင်းထန်နေတာပါ။
ဒီကနေ့ မေလ ၂၇ ရက်မှာလည်း မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။