အကြမ်းဖက်စစ်တပ်က မန္တလေး – ဗန်းမော်၊ ဗျူဟာလမ်းမရဲ့ သပိတ်ကျင်းမြို့နယ်အတွင်းမှာ ကားတွေကို တားပြီး ချောဆွဲကာ လူသားဒိုင်းလုပ်နေတဲ့အတွက် အဆိုပါ ကားလမ်းမကို အသုံးမပြုကြဖို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာအရေးပေါ်ထုတ်ပြန် အသိပေးထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မန္တလေး - ဗန်းမော် ကားလမ်း အသုံးပြုနေကြတဲ့ မိဘပြည်သူများ အနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်း ရောက်ရှိနေကြတဲ့ မည်သည့် မော်တော်ယာဉ် အမျိုးအစားမဆို ရောက်တဲ့ နေရာမှာ ခေတ္တ ရပ်နားပေးဖို့အတွက် မေတ္တာရပ်ခံ ဖော်ပြထားတာပါ။
ဒီလို လုပ်ရတာက အကြမ်းဖက် စစ်တပ်က ကားလမ်းကြောပေါ်မှာ တွေ့ရာ မော်တော်ယာဉ်များအား ချောဆွဲပြီး စစ်သုံးပစ္စည်းများအဖြစ် အသုံးပြုနေကာ ပြည်သူတွေကိုလည်း ဓားစားခံအဖြစ် ပြုလုပ်နေတာ ကြောင့်လို့ ဖော်ပြထားပါတယ်။
ကားလမ်းကြော ပြန်လည်ဖွင့်တဲ့အချိန်ကိုလည်း အသိပေးကြေညာသွားမှာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။