ရန်ကုန်၊ ဒဂုံအရှေ့၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာရှိ ဆရာနိုင်မြန်မာရဲ့ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက မေ(၂၇)ရက်၊ နေ့လယ်(၂)နာရီခွဲလောက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဇနီးဖြစ်သူ မဝါလေးကို ခေါ်ဆောင်သွားတယ်လို့ နွေဦးအသံ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
“ယောက်ျားမတွေ့တော့ မိန်းမကို ခေါ်သွားတယ်ပေါ့၊ အိမ်ကြီးက အခုထိ ဟောင်းလောင်းကြီးပဲ၊ ခလေးတွေလည်း အပြင်သွားနေတယ်ကြားတယ်၊ ဆရာ့အမျိုးသမီးပဲ ရှိနေတာ” လို့ တက္ကသိုလ်ရိပ်မွန်အိမ်ရာမှာ နေထိုင်သူတဦးက ပြောပါတယ်။
ဆရာနိုင်မြန်မာရဲ့ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲကား(၂)စီး၊ စစ်ကား(၂)စီး အပြင် အရပ်ဝတ်နဲ့ ကားတစီးတို့နဲ့ လာရောက်ရှာဖွေခဲ့ကြပြီး ခင်ပွန်းကို မတွေ့တာကြောင့် အမျိုးသမီးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ခေါ်ဆောင်ထားပြီး ပြန်မလွှတ်ပေးသေးတာလို့ သိရပါတယ်။
“စစ်ကားနဲ့ ရဲကားတော့ ပြန်သွားကြပြီ၊ စရဖတွေ အရပ်ဝတ်တွေ ကျန်နေသေးတယ်၊ ရပ်ကွက်ရုံးမှာ အခုထိ ရှိနေကြတုန်းပဲ၊ နေ့လယ်(၂)နာရီကျော်လောက်ကတည်းကနေ အခုထိ ပြန်မလွှတ်သေးတာဗျ” လို့ ရပ်ကွက်နေပြည်သူတဦးက The Voice of Spring ကို အတည်ပြုတယ်လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေတာနဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ဝေဖန်တဲ့ ရုပ်သံကို မျှဝေခဲ့တာကြောင့် မေ(၂၄)ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အဆိုတော်ဗျူဟာက ဆရာနိုင်မြန်မာရဲ့ အကြီးဆုံးသားတဦး ဖြစ်ပါတယ်။