ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မေ ၂၆ ရက် ညနေပိုင်းက ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ ထိန်းချုပ်နယ်မြေ ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြောင်းမကြားဘဲ ဝင်ရောက်လာတာလို့ စစ်ရေးတင်းမာခဲ့တယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာထဲကို မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က စစ်သည် အင်အား ၂၀ လောက်ပါတဲ့ စစ်ကားတစီးဝင်လာခဲ့တာလို့ဆိုပါတယ်။
ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတယောက်က “သူတို့က ဆက်သွယ်ရေး တာဝါတိုင်နဲ့ ဓာတ်မီးတိုင်တွေ ပြုလုပ်ဖို့လာတဲ့ ဝန်ထမ်းတွေကို လုံခြုံရေးယူပေးတယ်လို့ အကြောင်းပြတယ်။ အေအေဘက်ကလည်း သူတို့ကို လက်နက်အပြည်စုံနဲ့ ဝိုင်းထားတာ။ ဆင်အင်းကြီးနဲ့ ပဒေသာရွာကြားမှာ စစ်ဆေးပြီး အေအေထိန်းချုပ်နယ်မြေထဲမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ရက္ခိုင့်တပ်တော်ဘက်က တာဝန်ယူတယ်လို့ ပြောလိုက်လို့ ညနေ ၄ နာရီခွဲလောက်မှာ စစ်တွေဘက်ကို ပြန်ထွက်သွားပြီ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာလို့ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ဆင်အင်းကြီးရွာနဲ့ အိမ်ခြေ ၈၀ လောက်ရှိတဲ့ ပဒေသာရွာသစ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလို့ ဆင်အင်းကြီးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေမှာ မိုခါမုန်တိုင်းဒဏ်သင့်ထားလို့ နေစရာအိမ်လည်းမရှိတော့ဘူး။ စားစရာလည်းဘာမှမရှိတော့ဘူး။ နလန်မထူနိုင်သေးတဲ့ အချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာရင်တော့ တပူပေါ် နှစ်ပူဆင့်ပါပြီ။”
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်တွေက ဆင်အင်းကြီးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၉ လုံး မီးလောင်ကျွမ်းခဲ့သလို အပြစ်မဲ့ ပြည်သူ ၉ ယောက်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ဖူးပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် အေအေတို့ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စလို့ လူသားချင်း စာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲထားပေမယ့် စစ်ကောင်စီဘက်ကတော့ လက်နက်အင်အား လူအင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။