KIO နှင့် PSLF တို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည့် ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ပြီး အားဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားရန် စသည့်အချက်များပါဝင်သော ထုတ်ပြန်ချက်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
မေ ၁၆ နှင့် ၁၇ ရက်နေ့နှစ်ရက်၊ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အစည်းအဝေးတွင် သဘောတူညီမှုရရှိခဲ့ကြသည့် အချက်များဖြစ်ကြောင်း သိရသည်။
“အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေးအပေါ်အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်” ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။
ထို့အပြင် ဒေသတွင်းရှိ ကချင်၊ တအာင်း(ပလောင်)၊ ရှမ်း လူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်အချက်များလည်း ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် သတင်းဖလှယ် အသိအမှတ်ပြု အားပေးရန်နှင့် အခြားလိုအပ်သည့် ကိစ္စများကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပါရှိသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့သည် Kachin Independence Army – KIA ဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front – PSLF) ၏ လက်နက်ကိုင်တပ်ဖွဲ့သည် Ta’ang National Liberation Army – TNLA ဖြစ်သည်။