အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လိူင် မန္တလေးရောက်နေချိန် မန္တလေးတောင်ခြေအနီးက ခလရ (၉၁၀) အင်ဂျင်နီယာ (GE) တပ်ထဲကို ဒီနေ့လည်ပိုင်း လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) ကသတင်းပေးပါတယ်။
မေ (၂၇) ရက် မနက်ပိုင်းက မန္တလေးမြို့ ကုသိုလ်တော်နဲ့ မန္တလေးတောင်ခြေအနီးက ခလရ (၉၁၀) အင်ဂျင်နီယာတပ် (GE) တပ်ထဲကို (၄၀) မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်အသေအဆုံးကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။
မန္တလေးမြို့က ဗန်းမော်ဆရာတော် အရှင် ကုမာရာ ဘိဝံသ ရဲ့ဈာပန ကို စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လိူင် ရောက်ရှိနေချိန် စစ်အုပ်စုရဲ့တပ်ထဲကို (၄၀) မမနဲ့တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
“ခလရ ၉၁၀ GE တပ်အား လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ(၄၀) မမဖြင့်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး မြို့နယ်မြို့ပြင် အထပ်ထပ် ပိတ်ဆို့စစ်ဆေးထားသည့်ကြားမှ စကစ ရဲ့ ခံတပ်မြို့ဖြစ်သည့် မန္တလေးမြို့ပြအလည်က ခဲယမ်းမီးခြောက်တပ်အား လုံခြုံရေးအခက်အခဲကြားမှာအောင်မြင်စွာတိုက်ခိုက်ပြီးအထိအခိုက်အသေဆုံးကိုတော့မသိရှိရသေးပဲရဲဘော်အားလုံးအန္တရယ်ကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”လို့ဖော်ပြပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုက လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာတွေနဲ့ပြုလုပ်ခဲ့ပြီး မြို့ထဲမှာတိုက်ခိုက်ခဲ့ရတာကြောင့် အထိအခိုက်ကိုမသိရသေးပဲစုံစမ်းနေဆဲဖြစ်တယ်လို့ ဗိုလ်နတ်ဆိုးက MFP ကိုပြောပါတယ်။
တိုက်ခိုက်မှုကိုတော့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နဲ့ ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း တပ်ခွဲ (၁) တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။