ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
မေလ ၂၃ ရက်နေ့တွင် မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ဝေါ်လေ ဗျူဟာကုန်း၊ မော်ခီး စခန်းနှင့် ကနဲလေး စခန်းတို့ကို KNU/KNLA ၂၀၁ တပ်ရင်း KNDO တပ်ရင်း ၈ နှင့် Federal Wings Drone အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မော်ခီး စခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
” ကနဲလေး စခန်းက တပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေတယ်။ ကျန်တဲ့စခန်း ၂ ခုက အထိအခိုက် စစ်ခွေးသေစာရင်း အတိအကျ မသိရသေးဘူး။ ပွဲက အခုထိ မပြီးသေးလို့ စစ်ခွေးတွေက အနီးအနားက ကျေးရွာတွေကို ၁၂၀ မမ ၈၁ မမ တွေနဲ့ ရမ်းပြီး ပစ်ခတ်နေတယ်” ဟု KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။