ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒီကနေ့မနက် ၅ နာရီခွဲအချိန်က ကလိန်အောင်အခြေစိုက် ခမရ(၄၀၉)နဲ့ ခမရ (၄၁၀)တပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါပစ်ခတ်၊ တိုက်ခိုက်မှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ ဒေသခံတစ်ဦးကတော့ “ဒီမနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီးသံတွေရောလက်နက်ငယ်သံတွေရော ကြားနေရတယ်။” လို့ ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုအပြီးမှာ ကျောက်ရှပ်ရွာထဲကို စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းရောက်လာပြီး စာသင်ကျောင်းမှာ တပ်စွဲတာ ၊ လမ်းတလျှောက်မှာ ကင်းပုန်းတွေချတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လည် ၁၁ နာရီလောက်မှာတော့ ကျောက်ရှပ်ရွာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခုဖြစ်စဥ်တွေအတွင်း ကျောက်ရှပ်ရွာသား လေးဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်ထားပြီး အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ရှပ်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၁၀) တပ်ရင်းတွေဟာ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ရွာကြားမှာ ရှိတာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အချိန်တိုင်း စစ်ရေးဗျူဟာအရ နယ်မြေအနေအထားကောင်းတဲ့ ကျောက်ရှပ်ရွာထဲကို စစ်ကြောင်းဝင်လေ့ရှိတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလ တတိယအပတ်မှာလည်း ကျောက်ရှပ်ရွာက စစ်ကောင်စီသတင်းပေးဆိုသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။