စစ်ကိုင်းမြို့နယ်က အိမ်ခြေ(၁၅၀၀)ရှိပြီး စည်ပင်ဖွံ့ဖြိုးတဲ့ ပဒူကျေးရွာကို မေ(၁၉)ရက်ကတည်းက စီးနင်းဝင်မွှေ ခိုးယူနေတဲ့ စစ်အုပ်စုဟာ ဒီကနေ့ မေ(၂၉)ရက်အထိ ကျေးရွာထဲ ဆက်လက် စီးနင်းထားကာ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ မီးရှို့နေပြီး ခိုးရာပါ ပစ္စည်းတွေကို ကားနဲပတင်ပြီး စစ်ကိုင်း တပ်မ(၃၃)ထဲ သယ်ပို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ခွေးတွေက ရွာထဲက မထွက်သေးဘူး။ အိမ်တွေရွေးပြီး မီးလိုက်ရှို့နေတယ်။ အထဲကခွေးတွေက အုပ်လိုက်ရှိနေတော့ ပြည်သူက ဝင်မရသေးဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ပဒူကျေးရွာဟာ ရပ်ကွက်ခုနှစ်ရပ်ကွက် ရှိတဲ့ ကျေးရွာကြီးဖြစ်သလို စက်သုံးဆီဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ စည်ကားတဲ့ ရွာဖြစ်ကြောင်း၊ လက်ရှိမှာ စစ်အုပ်စုက ရပ်ကွက်တစ်ခုပြီးတစ်ခု ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ကာ မီးရှို့နေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ပဒူရွာထဲက ခိုးလို့ရသမျှ ပစ္စည်းတွေကို မေ(၂၄)ရက် ညနေပိုင်းက စတင်ပြီး စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲ ကားနဲ့သယ်ပို့နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ပဒူကျေးရွာက လူဦးရေ (၆၀၀၀)အပြင် အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ မေ(၁၉)ရက်ကတည်းက ထွက်ပြေးနေရပြီး အချိန်ကြာမြင့်လာတာနဲ့အမျှ စားသောက်နေထိုင်ရေး ပိုမိုခက်ခဲကြပ်တည်းကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဒူရွာက စစ်ပြေးပြည်သူတွေကို ဆန်ပိုင်းတချို့ သွားရောက်လှူဒါန်းခဲ့ပေမယ့် မလောက်ငသေးဘဲ ဆက်လက် ထောက်ပံ့ကူညီဖို့ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ကော်မတီက ဖော်ပြပါတယ်။
“ပဒူဘက်မှ စစ်ရှောင်လာသော ပြည်သူများသို့ ဆန်(၁၂)ပိုင်း လှူခဲ့ပါပြီ။ မလောက်ပါဘူးရှင်။ ဆန်တစ်ပိုင်း တန်ဖိုး (၇၅၀၀၀)ကျပ်၊ (၁၂)ပိုင်း ကိုးသိန်း။ မန္တလေးတိုင်းဘက်က စစ်ရှောင်တွေအတွက်လည်း နောက်တစ်နေရာ ပို့စရာ ကျန်သေးတာမို့ တတ်နိုင်သလောက် ကူညီပေးကြပါဦးရှင်” လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ကော်မတီက ဖော်ပြပါတယ်။
စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေပြီး စစ်ကိုင်းမြို့နယ် တစ်ခုတည်းမှာကိုပဲ အာဏာသိမ်း စစ်အုပ်စု လုယက်၊ မီးရှို့ ဖျက်ဆီးလို့ အိမ်ခြေ(၃၀၀၀)ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။