စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ လမ်းကိုပြုပြင်နေချိန် တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတာ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ဒေသခံတဦးထံက သိရပါတယ်။
မေလ ၂၉ ရက်၊ နေ့လယ်ပိုင်းက ယင်းမာပင်မြို့(အနောက်ခြမ်း)၊ ကပိုင်ရွာတောင်ဘက် ကျေးရွာချင်းဆက်လမ်းကို ဒေသခံပြည်သူတွေက ပြုပြင်နေချိန် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာလေယာဥ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သလို ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ယင်းမာပင် ဒေသခံရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။
“ဘက်ဟိုးတွေ ဖောကားတွေနဲ့ ကျေးရွာလူထု လမ်းပြင်နေတဲ့ အချိန်ပစ်တာပါ။ နှစ်ခါပစ်တယ်။ ကားအောက်ဝင်နေတဲ့ တယောက်ဗုံးစမှန်တော့ လက်မောင်းထိသွားတယ်။ ဖောကားတစီးလည်း ပျက်စီးသွားတယ်။ ကျန်တဲ့သူတွေက လူစုခွဲထမင်းစားနားနေလို့ ဘာမှမဖြစ်ပါဘူး” လို့ ပြောပါတယ်။
ပထမအကြိမ်မှာပစ်တော့အသံ ၈ ချက်လောက်ကြားရပြီး၊ ဒုတိယအကြိမ်မှာ ၁၀ ချက်လောက် ပစ်တဲ့အသံကြားရတယ်လို့ ဆက်ပြောပါတယ်။
အခုလိုပစ်ခတ်မှုကို နေ့လယ် ၂ နာရီမှာ ၁ ကြိမ်၊၂ နာရီ ၁၅ လောက်မှာ ၁ ကြိမ်နဲ့ စုစုပေါင်း ၂ ကြိမ် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရလို့ ဗုံးစလက်မောင်းထိမှန်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး၊ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုပေးထားတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ “ပြည်သူတွေကို message ပေးချင်တာကတော့ ကိုယ့်အရပ်ကိုယ်ဒေသတွေမှာ **စစ်ကြောင်း /တိုက်ပွဲတွေမရှိလို့ အေးသွားပြီလို့ မထင်ကြဖို့ပြောချင်ပါတယ်။ အချိန်မရွေး လာရောက်ပစ်ခတ်နိုင်ပါတယ်။ အန္တရယ်ကင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြပါလို့” ယင်းမာပင်မြို့နယ် တပ်ရင်း-၁၊ ခရိုင်တပ်ရင်းအမှတ်-၃၆၊ ဒုတပ်ရင်းမှူး-ကိုမင်းက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီလမ်းဟာ ယင်းမာပင်မြို့နယ်နဲ့ အလောင်းတော်ကဿဖ သွားရာလမ်းဖြစ်ပြီး၊ ကျေးရွာပေါင်း ၆၀ နီးပါး ချိတ်ဆက်သွားလာနေတဲ့လမ်း ဖြစ်တယ်လို့ သိရပါတယ်။