ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ တို့နှင့် လာမည် ဇွန်လ ၁ ရက်နေ့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယနေ့ မေ ၃၀ ရက်နေ့တွင် ထုတ်ပြန်လာသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့၌တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ လာမည့် ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ ၄ မိုင်းလားမြို့ တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု သိရသည်။
ထို့အပြင် ၎င်းတို့၏ လုံခြုံရေးများကို တာဝန်ယူသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် သည်လည်း မိုင်းလားမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခအား Western News မှ ယနေ့ ညပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။