ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ဟာ ကရင်နီတို့ရဲ့ တော်လှန်ရေး သမိုင်းသစ်ကို မျိုးဆက်သစ် သွေးသစ် လူငယ်များနဲ့ အပြောင်မြောက်ဆုံး ရေးထိုးနိုင်တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
KNDF ဖွဲ့စည်းမှု ၂ နှစ်ပြည့် အဖြစ် ကိုးကန့်အဖွဲ့-MNDAA၊ တအာင်းအဖွဲ့-TNLA၊ ရခိုင်အဖွဲ့-AA တို့ရဲ့ ဒီကနေ့ ပေးပို့တဲ့ ပူးပေါင်း သဝဏ်လွှာမှာ အဲ့ဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။
KNDF အနေနဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို အကောင်းဆုံး ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကို KNDF ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေ၊ လုပ်ရပ်တွေနဲ့ သက်သေပြထားတယ်လို့ မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
လက်ရှိထက် ပိုတဲ့ အောင်မြင်မှုများနဲ့အတူ ကရင်နီ တစ်မျိုးသားလုံး မျှော်လင့်တဲ့ မျှော်မှန်းချက်၊ KNDF ရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး ပြည့်ဝနိုင်ပါစေလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေး ကာလ အတွင်။ အသက် သွေးချွေး ဘဝများစွာ ပေးဆပ် စွန့်လွှတ်ခဲ့တဲ့ ကရင်နီ ပြည်သူလူထု၊ ကရင်နီ သူရဲကောင်းများနဲ့ တော်လှန်ရေး ရဲဘော်များကို လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုတယ်လို့ မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
၂ နှစ်အတွင်း တော်လှန်ရေး အခက်အခဲ အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ KNDF နဲ့ ကရင်နီ လူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA ၊ AA တို့ဟာ KNDF တပ်ကို အကူအညီ ပေးနေပြီး ၂ နှစ်တာ ကာလအတွင်း လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ စစ်ရေး အကူအညီများ ရရှိခဲ့တယ်လို့ KNDF ဥက္ကဌ ခွန်းဘီထူးက KNDF ၂ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
KNDF ဖွဲ့စည်းပြီး ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီ စခန်း ၁၀ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း တော်လှန်ရေး ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့ကြောင်း KNDF က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။