တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖယ်ခုံမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီး NUG စာသင်ကျောင်းတွေမှာ တက်ခဲ့တဲ့ ကလေးငယ်တွေကို အတန်းပြန်ချနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
NUG အွန်လိုင်းစာသင်ကျောင်းကနေ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေမှာပါတဲ့ ကလေးငယ်တွေကို အတန်းပြန်ချတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
“NUG စာသင်ကျောင်းမှာ တက်ခဲ့တဲ့ ကလေးတွေဆို အတန်းချပစ်မယ်လို့ ဆော်ဩနေကြတယ်။ ပြောလို့တော့ မရဘူး။ သူတို့ကဆီမှာ ဟိုးတစ်ခါ ပေါက်ကြားထားတဲ့ စာရင်းတွေရှိတယ်ဆိုတော့ အသိ ကျောင်းသားမိဘတစ်ဦးကတော့ ပြောတယ်။ သူ့အသိကလေးက အွန်လိုင်းစာသင်ကျောင်းတက်ခဲ့ဘူးတယ်။ အဲ့ဒါကို အတန်းပြန်ချသွားတယ်လို့ ပြောတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် ကျောင်းပြောင်းလက်မှတ်ရှိပေမယ့်လည်း ပြောင်းချင်တဲ့ကျောင်းတွေက ငွေ ၂ သိန်းပေးမှ ကျောင်းအပ်လက်ခံတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဖယ်ခုံဒေသခံ ကိုရဲနောင်က ပြောပါတယ်။
“အတန်းတတ်ချင်ရင် စာသင်ခဲ့တဲ့ ကျောင်းရဲ့ကျောင်းပြောင်းလက်မှတ်နဲ့ ပိုက်ဆံ(၂သိန်း )ပေးမှ လုပ်ပေးပါတယ်။ အဲ့လိုမှ အတန်းတင်ပေးပါတယ်။ NON CDM ဆရာ/ဆရာမလုပ်စားနေကြတာပါ။ ဒီကာလမှာ အားလုံးကခက်ခဲနေကြတာ NON CDM ဆရာ/ဆရာမတွေရဲ့ ဒီလုပ်ရပ်ကို လုံးဝလက်မခံနိုင်ပါဘူး” လို့ သူကပြောပါတယ်။
အလားတူဖြစ်စဉ်တွေ ဆီဆိုင်မြို့နယ်နဲ့ တောင်ကြီးမြို့တွေမှာလည်း ဖြစ်နေပြီး ကျောင်းသားမိဘတွေ အနေနဲ့ အဆင်မပြေတဲ့ ကြားက ချေးငှားပေးနေရတာမျိုးတွေတောင် ရှိလာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့လုပ်ဆောင်နေပြီး ကလေးတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူ အာမခံပေးတာမျိုးတွေလည်း မရှိဘူးလို့ ဖယ်ခုံမြို့ခံတစ်ဦးကပြောပါတယ်။